ရန်ကုန်၊ မေ ၂၈
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်းရှိ နေအိမ်တစ်လုံး၌ တရားမဝင် ခိုးဝင်လာသော မြန်မာအလုပ် သမား ၄၁ ဦးနှင့် ထိုင်းနိုင်ငံသား လမ်းပြပွဲစား ၁ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။
မေလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ကန်ချနဘူရီခရိုင် ပြည်တွင်းလုံခြုံရေးတိုးမြှင့်မှုလုပ် ငန်းအဖွဲ့ (ISOC) ဒုတိယညွှန်ကြားရေးမှူး၏ တာဝန်ပေးအပ်ချက်အရ ပူးပေါင်းထိုင်းအာဏာပိုင်များက လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေးအတွက် ကျန်ချနဘူရီခရိုင် နယ်မြေအတွင်း သတင်းပေးချက်အရ နေအိမ် ၁ လုံးကို ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်စဉ် ကန်ချနဘူရီမြို့နယ်၊ ပတ်ဖရက်ကျေးရွာအုပ်စု၊ အိမ်နေ ၁ လုံးကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ အဆိုပါ နေအိမ်အတွင်း ပုန်းခိုနေသည့် တရားမဝင် မြန်မာနိုင်ငံသား ၄၁ ဦး (အမျိုးသား ၃၄ ဦး၊ အမျိုးသမီး ၇ ဦး) နှင့် ၎င်းတို့ကို ခေါ်ဆောင်လာပြီး နေအိမ်၌ လက်ခံဝှက်ပေးထားသည့် ထိုင်းနိုင်ငံသား လမ်းပြပွဲစား ၁ ဦးတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် မြန်မာအလုပ်သမား ၄၁ ဦးလုံးတွင် ထိုင်းနိုင်ငံအတွင်း တရားဝင် ဝင်ရောက်နေထိုင်ခွင့် အထောက်အထားစာရွက်စာတမ်းတစ်စုံတစ်ရာမျှ ပြသနိုင်ခြင်း မရှိကြောင်း သိရသည်။
လက်ရှိချိန်တွင် ဖမ်းဆီးရမိသည့် မြန်မာအလုပ်သမား ၄၁ ဦးကို “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာပြီး နေထိုင်မှု”၊ ထိုင်းနိုင်ငံသား လမ်းပြပွဲစားကို “တရားမဝင် နိုင်ငံအတွင်းသို့ ခိုးဝင်လာသော နိုင်ငံ ခြားသားများ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်စေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဝှက်ပေးခြင်း၊ ကူညီထောက်ပံ့ပေးခြင်း” စသည့် ပြစ်မှုဆိုင်ရာပုဒ်မများဖြင့် ကန်ချနဘူရီမြို့မရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။





