26 C
Yangon

မင်းအောင်လှိုင်၏ ညွှန်ကြားချက် ယာဉ်အို/ယာဉ်ဟောင်းများကို လျှပ်စစ် EV ကားဖြင့် အစားထိုးလဲ လှယ်ရေး အစီအစဉ် ယနေ့ စတင်၊ မင်းအောင်လှိုင်သားနှင့်သမီး အပါအဝင် EV ကားတင်သွင်းသူများထံမှ ယာဉ်အိုယာဉ်ဟောင်း အပ်နှံစလစ်ဖြင့် EV ကားများ ဝယ်ယူရမည်

Must read

ရန်ကုန်၊ မေ ၂၈

အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြစ်သော ယာဉ်အို/ယာဉ်ဟောင်းများကို လျှပ်စစ် EV ကားဖြင့် အစားထိုးလဲလှယ်ရေး အစီအစဉ်ကို ယနေ့ တရားဝင်စတင်လိုက်ကြောင်း စစ်တပ်လက်အောက်ခံ စီးပွား/ကူးသန်းဝန်ကြီး ဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။

ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများကို ဖျက်သိမ်း၍ EV-လျှပ်စစ်ကားများ အစားထိုးတင်သွင်းရန် အမိန့်ထုတ်ခဲ့ပြီး ၂ လနီးပါးအကြာတွင် ယင်းအစီအစဉ်ကို စတင်လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

ယနေ့ ထုတ်ပြန်လိုက်သော စီးပွား/ကူးသန်းဝန်ကြီးဌာန၏ ကြေညာချက်တွင် မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့သည့်ခုနှစ် ကြာမြင့်ခဲ့ပြီး အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူဘဏ္ဍာငွေများ လေလွင့်မှု ဖြစ်ခြင်း၊ ယာဉ်များ၏ကြံ့ခိုင်မှုအားနည်းခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်မှထုတ်လုပ်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ထုတ်လုပ်သည့်ခုနှစ်မှ သက် တမ်း ၂၀ နှစ် ကျော်လွန်သောယာဉ်များ၊ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်၍မရနိုင်သည့် ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်သော်လည်း အပ်နှံလိုသည့် ယာဉ်များအား အပ်နှံယာဉ်၏ တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်များအား အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ယင်းအပြင် ယာဉ်အို/ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှထုတ်ပေးသည့် ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ) တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သော လျှပ်စစ်သုံးယာဉ် (EV) တစ်စီးအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်၍ အစားထိုးတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ကျသင့်မည့်နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သောစျေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ယာဉ်အိုယာဉ်ဟောင်း အပ်ပြီးတဲ့ စလစ်နဲ့ EV ကားတင်သွင်းနေတဲ့ SHOW ROOM တွေမှာ EV ကား သွားဝယ်ပြီးတော့ စလစ်ကပ်၊ နံပါတ်ထုတ်လို့ရပြီ။ ဟိုးအရင်ခေတ်ကလို ကိုယ်တိုင် အွန်လိုင်းပေါ်ကနေ EV ကားကို နိုင်ငံခြားက မှာစရာမလိုတော့ဘူး။ ပြည်တွင်းမှာ ဖွင့်ထားပြီဖြစ်တဲ့ EV ကား SHOW ROOM တွေကနေ တိုက်ရိုက် ဝယ်လိုရပြီ” ဟု ဝါရင့်ကားတင်သွင်းသူတစ်ဦးက ရှင်းပြသည်။

ပြည်တွင်း EV ကားတင်သွင်းမှုများကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ၊ သမီး ခင်သီရိသက်မွန် တို့၏ အသိုင်းအ၀ိုင်းများကသာ လုပ်ကိုင်နေကြခြင်းဖြစ်ရာ ယာဉ်အိုယာဉ်ဟောင်း အပ်နှံထားသော ပြည်သူများအနေဖြင့် မင်းအောင်လှိုင်မိသားစုနှင့် ဆက်နွယ်သူများ ဖွင့်လှစ်ထားသော EV ကား SHOW ROOM အပါအဝင် EV ကားအရောင်းပြခန်းများမှ တစ်ဆင့် EV လျှပ်စစ်ကားများ ဝယ်ယူရမည်ဖြစ်ကြောင်း အဆိုပါ ဝါရင့်ကားတင်သွင်းသူက ရှင်းပြသည်။

ပြည်သူများ၏ ချွေးနဲစာဖြင့် ဝယ်ယူထားသော ဂျပန်တစ်ပတ်ရစ်ယာဉ်များကို မှတ်ပုံတင်ရုပ်သိမ်းပြီး အစားထိုး တင်သွင်းသည့် စလစ်ထုတ်ပေးကာ EV ကားများ ဝယ်ယူခိုင်းခြင်းမှာ အာဏာရှင် လုပ်ရပ်ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ အခြေအနေနှင့် စက်သုံးဆီကားများကသာ သင့်တော်ပြီး လျှပ်စစ်ကားများမှာ ကန့်သတ်ချက်များစွာရှိနေကြောင်း ကားလောကအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအသုံးပြုသော ယာဉ်များကို လျှပ်စစ်ကား EV များဖြင့် အစားထိုးရန် မူဝါဒချမှတ်နေချိန် သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့မှာ မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ လျှပ်စစ်ကား EV များ အကြီးအကျယ် တင်သွင်းနေကြရာ မိသားစုအကျိုးစီးပွားအတွက် တိုင်းပြည်၏ ပို့ဆောင်ရေးဏ္ဍကို တရုတ် EV ကားထုတ်လုပ်ရေး ကုမ္ပဏီများလက်ထဲသို့ ထိုးအပ်သည့် လုပ်ရပ်ဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်တွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက် မင်းအောင်လှိုင်၏ သားနှင့်သမီးဖြစ်သူတို့က ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်နှင့် EV-လျှပ်စစ် ကားတင်သွင်းမှုများကို မြန်မာနိုင်ငံအတွင်းသို့ အကြီးအကျယ် တင်သွင်းမှုများ လုပ်ဆောင်ခဲ့ကြသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ် ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ် စစ် ကားများနှင့် MG Myanmar ၊ Leapmotor Myanmar အမှတ်တံဆိပ်အမျိုးအစားအပါအဝင် လျှပ်စစ် ကားအမျိုးမျိုးကို တင်သွင်းရောင်းချလျက်ရှိသည်။

မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် ပိုင်ဆိုင်သော NPK Motor Co Ltd ကုမ္ပဏီက မြန် မာနိုင်ငံအတွင်းသို့ လျှပ်စစ်ကား အမှတ်တံဆိပ်အမျိုးမျိုးကို တင်သွင်းနေသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများတွင် ဓာတ်အားသွင်းသည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိထားသည်။

အလားတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက တရုတ် BYD ကုမ္ပဏီမှ EVလျှပ်စစ်ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည် ထောင် တင်သွင်းနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article