26 C
Yangon

မြန်မာစစ်တပ်နှင့် စီးပွားရေးပတ်သက်နေသော ခရိုနီ ကိုကိုလတ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးတာဝန်မှ အိုက်စလန်နိုင်ငံက ပြန်လည် ရုပ်သိမ်း

Must read

ရန်ကုန်၊ မေ ၂၉

မြန်မာစစ်တပ်နှင့် ပတ်သက်နေသော ခရိုနီ ကိုကိုလတ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင် စစ်ဝန်ရာထူးတာဝန်မှ အိုက်စလန်က ပြန်လည် ရုပ်သိမ်းလိုက်ပြီး ယင်းရုပ်သိမ်းမှုအပေါ် Justice for Myanmar-JFM က ကြိုဆိုလိုက်သည်။

မြန်မာခရိုနီ ကိုကိုလတ်က အိုက်စလန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာ ထူးတွင် ၁၁ ပတ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် မိမိဆန္ဒအလျောက် နုတ်ထွက်စာတင်ခဲ့ကြောင်းနှင့် ၎င်းရာထူးအား မေလ ၁၅ ရက်နေ့မှစ၍ တရားဝင် ရုပ်သိမ်းလိုက်ကြောင်း အိုက်စလန်နိုင်ငံခြား ရေးဝန်ကြီးဌာနက Justice For Myanmar သို့ အတည်ပြုပြောကြားခဲ့သည်။

Justice For Myanmar သည် အီးယူမှ ဒဏ်ခတ်ပိတ်ဆို့ထားသော အဖွဲ့အစည်းများ အပါအဝင် ကိုကို လတ်၏ စစ်အုပ်စုနှင့် စီးပွားရေးဆက်နွယ်လုပ်ကိုင်နေမှုများအကြောင်း ဖော်ပြထားသည့် စာတစ်စောင်ကို မတ်လ ၂၇ ရက်နေ့တွင် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီး Þorgerður Katrín Gunnarsdóttir ထံသို့ ပေးပို့ခဲ့ပြီး၊ ၎င်းအား ကောင်စစ်ဝန်ရာထူးမှ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ယင်းအပေါ် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်သုံးသပ်စစ်ဆေးမှုများ စတင်ခဲ့ပြီးနောက် ယခုကဲ့သို့ ရာထူးရုပ်သိမ်းမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အိုက်စလန်နိုင်ငံအနေဖြင့် အကျုံးဝင်သက်ရောက်လျက်ရှိသည့် EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေသော စစ်အုပ်စုတရားမဝင်ထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်း (MTE)၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့နှင့် ကိုကိုလတ်တို့အကြား စီးပွားဆက်ဆံလုပ်ကိုင်နေမှုအသေးစိတ်ကို Justice For Myanmar က ဖော်ပြခဲ့သည်။

မြန်မာ့သစ်လုပ်ငန်း-MTE သည် နိုင်ငံတကာတွင် ဝယ်လိုအားမြင့်မားလျက်ရှိသော မြန်မာကျွန်းသစ်အပါအဝင် သစ်ရောင်းချခြင်းမှတဆင့် စစ်အုပ်စုအတွက် အကျိုးအမြတ် အများအပြား ရရှိစေသည့် အဓိကဝင်ငွေရင်းမြစ်တစ်ခု ဖြစ်သည်။

MTE ထံမှ သစ်ဝယ်ယူမှုများသည် စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ကျူးလွန်သော အကြမ်းဖက်စစ်ဆင်ရေးကို ငွေကြေးထောက်ပံ့ရာရောက်ပြီး၊ စစ်အုပ်စုသည် အထူးသဖြင့် အတုအယောင်ရွေး ကောက်ပွဲမတိုင်မီနှင့် ထို့ နောက်ပိုင်း ၎င်းတို့၏ အမည်နာမပြောင်းလဲလုပ်ကိုင်နေမှုများတလျောက် အဆိုပါအကြမ်းဖက်မှုများကို အရှိန်မြှင့်တင် လုပ်ဆောင်လာခဲ့သည်။

စစ်အုပ်စုသည် ၎င်းတို့ တရားမဝင် ထိန်းချုပ်ထားသော MTE နှင့် အခြားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိသည့် ဝင်ငွေများကို အသုံးပြု၍ ပိုမိုကျယ်ပြန့်သော တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် လိုအပ်သည့် လက်နက်များနှင့် လေယာဉ်ဆီများကို ဝယ်ယူလျက်ရှိသည်။

ယင်းတိုက်ခိုက်မှုများတွင် အရပ်သားများကို အစုလိုက်အပြုံလိုက် သေဆုံးစေခြင်း၊ ဆေးရုံများ၊ စာ သင်ကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးခြင်းနှင့် ပြည်သူများ အစု လိုက်အပြုံလိုက် နေရပ်စွန့်ခွာ တိမ်းရှောင်ရခြင်းတို့ကို ဖြစ်ပေါ်စေသည့် အဆင်ခြင်မဲ့ ဗရမ်းဗတာလေ ကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပါဝင်ပြီး၊ တချိန်တည်းတွင်ပင် စစ်အုပ်စုသည် လူသားချင်းစာနာမှု အကူအညီများကိုလည်း လက်နက်သဖွယ် အသုံးချကာ စနစ်တကျ ပိတ်ဆို့တားဆီးလျက်ရှိသည်။

အရပ်သားပြည်သူများနှင့် အရပ်သားပြည်သူပိုင် အခြေခံအဆောက်အအုံများအပေါ် ထိုသို့တိုက်ခိုက်မှုများသည် လက်ရှိဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများလည်းဖြစ်ပြီး၊ စစ်အုပ်စုသည် ၎င်းတို့ကို အပြစ်ပေးအရေးယူခံရမှု လုံးဝလွတ်ကင်းစွာဖြင့် ဆက်လက်ကျူးလွန်လျက်ရှိသည်။

စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီ- MEHL ကို စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်ဗိုလ်ချုပ်များနှင့် တပ်ရင်းတပ်ဖွဲ့များက တိုက်ရိုက်ပိုင်ဆိုင်ထားပြီး၊ ယင်း MEHL ကို ၎င်းတို့၏ ကိုယ်ကျိုးစီးပွားတိုးပွားရေးနှင့် စနစ်တကျ အကျင့်ပျက်ခြစားကာ ရက်စက်ကြမ်းကြုတ်သည့် စစ်တပ် ဆက် လက်ရှင်သန်စေရေးအတွက် ယာဉ်ယန္တရားတစ်ခုသဖွယ် အသုံးပြုနေသည်။

ခရိုနီ ကိုကိုလတ်ကို ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်းသည် မြန်မာပြည်သူများက ၅ နှစ် ကျော်ကြာ ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်နေသော တရားမဝင်စစ်အုပ်စုအား မမှန်ကန်သော တရား ဝင်မှုကို ပေးအပ်ရာ ရောက်စေခဲ့သည်။ ကိုကိုလတ်သည် ၎င်း၏ ကောင်စစ်ဝန်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် စစ်အုပ်စု၏ ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ သန်းဆွေထံ ပေးအပ်ခဲ့သည်။

ကိုကိုလတ်က အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့ခဲ့သော Justice For Myanmar ၏ စာကို တုံ့ပြန်ရာတွင် ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်သည် “ယခင်အစိုးရလက်ထက်” ကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး၊ MEHL နှင့် MTE တို့နှင့် မည်သည့်စီးပွားရေးဆက်ဆံမှုမျှ မရှိကြောင်း ငြင်းဆိုခဲ့သည်။

သို့သော် Justice For Myanmar က ယနေ့ထုတ်ပြန်သော အစီရင်ခံစာတွင် အဆိုပါ ကိုကိုလတ်၏ ငြင်းဆိုချက်များသည် ၎င်း၏ ကိုယ်ပိုင်ကုမ္ပဏီစာရွက်စာတမ်းများ၊ စစ်အုပ်စုဌာနဆိုင်ရာ မှတ်တမ်းများအပြင် ကိုကိုလတ်၏ ကိုယ်ပိုင် လူမှုကွန်ရက်အကောင့်များနှင့် ကုမ္ပဏီဝက်ဘ်ဆိုက်များမှ အချက် အလက်များနှင့် တိုက်ရိုက်ဆန့်ကျင်ကွဲလွဲနေကြောင်း ဖော်ပြနေသည်။

အစီရင်ခံစာအရ ကိုကိုလတ် ပိုင်ဆိုင်ပြီး ဦးဆောင်နေသော K K Business Group သည် -ရန်ကုန်မြို့ရှိ Central Hotel ကို MEHL ထံမှ ၁၅ နှစ်စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်နေပြီး၊ ယင်း အချက်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်အုပ်စု၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ကိုကိုလတ်ကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်းခဲ့သော သွင်းကုန်ခွင့်ပြုမိန့်လျှောက်လွှာတွင် အတည်ပြုထားသည်။

သို့သော် ကိုကိုလတ်ကမူ ၎င်း၏ Central Hotel နှင့် ပတ်သက်မှုမှာ ကြက်ကြော်ဆိုင်တစ်ဆိုင်သာ ဖြစ်ကြောင်း ပြောဆိုထားသည်။ Justice For Myanmar က လက်ခံရရှိထားသော ပေါက်ကြားလာသည့် သစ်လေလံမှတ် တမ်းများအရ ၎င်းသည်၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များအတွင်း MTE ထံမှ သစ်ဝယ်ယူသော ကုမ္ပဏီ ၄၀ ကျော်အနက် အကြီးဆုံး ဝယ်ယူသူ ဖြစ်ခဲ့သည်။

အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင်လည်း နိုင်ငံတကာသို့ သစ်တင်ပို့မှုများ ဆက်လက် လုပ် ဆောင်ခဲ့ပြီး ကုန်သွယ်ရေးဒေတာဘေ့စ်များတွင် အတည်ပြုထားသော တင်ပို့မှုများတွင် တူရကီနိုင်ငံသို့ ကျွန်းသစ်တင်ပို့မှုများ ပါဝင်ခဲ့ပြီး၊ တူရကီသည် တရားမဝင်မြန်မာ့သစ်များ အီးယူသို့ ဝင်ရောက်ရာ ကြားခံလမ်းကြောင်းတစ်ခုအဖြစ် လူသိများသည်။

သို့သော် ကိုကိုလတ်ကမူ ၎င်း၏စီးပွားရေးလုပ်ငန်းများသည် MTE ထံမှ မည်သည့်အခါမျှ သစ်ဝယ်ယူဖူးခြင်းမရှိကြောင်းနှင့် ၎င်းသည် သစ်ကုန်သည်မဟုတ်ကြောင်း ပြောဆို ထားသည်။ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ၎င်း၏စီးပွားရေးလုပ်ငန်းများကို ဆက်လက် ချဲ့ထွင်ခဲ့ပြီး၊ အခြားလုပ်ငန်းများအပါအဝင် လေကြောင်းဝန်ဆောင်မှုကုမ္ပဏီတစ်ခုနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ယူရေးအတွက် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။

အရပ်ဘက် လေကြောင်းကဏ္ဍပင်ဖြစ်စေကာမူ လေကြောင်းလုပ်ငန်းသည် မြန်မာလေတပ်ကို မကြာခဏ ဝန်ဆောင်မှုပေးရလေ့ရှိသည့် အန္တရာယ်မြင့်ကဏ္ဍတစ်ခုအဖြစ် လူသိများသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းသည်လည်း စစ်အုပ်စုအတွက် နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးနေသည့် ကဏ္ဍများအနက် တစ်ခုဖြစ်သည်။

စစ်အုပ်စုထံ တင်သွင်းထားသော K K ကုမ္ပဏီများ၏ စာရွက်စာတမ်းများအရ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ် (MFTB) ရှိ ဘဏ်စာရင်းတစ်ခုမှတဆင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

K K Business Group ၏ စစ်အုပ်စုနှင့် စီးပွားရေးဆက်လက်လုပ်ကိုင်နေမှုနှင့် MEHL၊ MTE တို့အပေါ် ချမှတ်ထားသည့် လက်ရှိဒဏ်ခတ်ပိတ်ဆို့မှုများကို ထိခိုက်အားနည်းစေမှုများအပေါ် တုံ့ပြန်သည့် အနေဖြင့် ကိုကိုလတ် အပါအဝင် K K Business Group နှင့် ၎င်း၏ အဓိကတာဝန်ရှိသူများအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံများအား Justice For Myanmar က တောင်းဆိုပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “တရားမဝင်စစ်အုပ်စုထံ ဂုဏ် ထူးဆောင်ကောင်စစ်ဝန်တစ်ဦး ခန့်အပ်ခဲ့တဲ့ အိုက်စလန်ရဲ့ ဆုံးဖြတ်ချက်က တင်ကြိုစိစစ်မှု အလွန်အမင်း ပျက်ကွက်ခဲ့ကြောင်းပြသနေပြီး၊ အဲဒီရာထူးအတွက် ရွေးချယ်ခံရသူကလည်း ကိုကိုလတ်ဖြစ်နေတာက အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို အိုက်စလန်ရဲ့ အကောင်အထည်ဖော်မှုမှာ ဆိုးရွားတဲ့ ကျရှုူံးမှုတစ်ခုကို ဖြစ်စေခဲ့ပါတယ်။

အိုက်စလန်နိုင်ငံအနေနဲ့ အဆိုပါ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခန့်အပ်မှုကြောင့် တကယ့်ကို ထိခိုက် နစ်နာမှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဒါဟာ စစ်အုပ်စုကို မမှန်ကန်တဲ့ တရားဝင်မှုကို ပေးအပ်ခဲ့တာဖြစ်သလို စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ခရိုနီတစ်ဦးကို ကျောထောက်နောက်ခံပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးကို ရုပ်သိမ်းပေးဖို့ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်အပေါ် အိုက်စလန်နိုင်ငံက အလျင်အမြန် ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ခြင်းကို ကျွန်ုပ်တို့ကြိုဆိုလိုက်ပြီး၊ ဒီလုပ်ရပ်ဟာ အခြားသောအစိုးရတွေ လိုက်နာဆောင်ရွက်သင့်တဲ့ နမူနာကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကိုကိုလတ်အနေနဲ့ MTE၊ MEHL တို့နဲ့ စီးပွားရေးလုပ်ဆောင်နိုင်ခြင်းဟာ သူနဲ့ သူ့ရဲ့လုပ်ငန်းစုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ မရှိသေးတာကြောင့် ဖြစ်ပါတယ်။ အီးယူ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့အနေနဲ့ ကိုကိုလတ် အပါအဝင် K K Business Group နဲ့ ၎င်းရဲ့ ဒါရိုက်တာတွေ၊ ပိုင်ရှင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article