27 C
Yangon

သထုံမြို့နယ်၊ အမှတ် ၉ လေ့ကျင့်ရေးတပ်တွင် ပေါ်တာဆွဲ ဖမ်းဆီးထားသော စစ်မှုထမ်းတပ် သားသစ် လူငယ် ၃၂၅ ဦးကို ကော့ကရိတ်နှင့်ရေးမြို့နယ်ရှိ ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်

Must read

ရန်ကုန်၊ မေ ၃၀

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ပေါ်တာဆွဲအဓမ္မဖမ်းဆီးခံရပြီး စစ်မှု ထမ်းသင်တန်းအပတ်စဥ် ၂၃ အတင်းအကျပ် တက်ရောက်ခဲ့ရသည့် စစ်မှုထမ်းတပ်သားသစ် လူငယ် ၃၂၅ ဦးကို စစ်ကောင်စီတပ်က ကော့ကရိတ်နှင့်ရေးမြို့နယ် ရှေ့တန်းစစ်မျက်နှာများသို့ ချက်ချင်းပို့ဆောင်လိုက်ကြောင်း သထုံဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့မေလ ၂၉ ရက်နေ့တွင် သထုံမြို့နယ်ရှိ အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် စစ်မှုထမ်းအပတ်စဉ် ၂၃ သင်တန်းဆင်းခဲ့ခြင်းဖြစ်ပြီး စစ်မှုထမ်းသင်တန်းဆင်း လူငယ်တပ်သားသစ်များမှာ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် သထုံမြို့နယ်၊ ဘီလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ကရင်ပြည်နယ် မြဝတီမြို့နယ်တို့မှဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းအပတ်စဉ် ၂၃ ကျောင်းဆင်းသွားသည့် တပ်သားသစ် လူငယ် ၃၂၅ ဦးမှာ စစ်တပ်၏ ပေါ်တာဆွဲဖမ်းဆီးခဲ့ရသူများဖြစ်ပြီး အများစုမှာ ရန်ကုန်နှင့် ပဲခူးရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမား လူငယ်များဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လူငယ်များသည် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာရှိ အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေးတပ် (လေ့ကျင့်ရေး ၉) နှင့် အလံတစ်ရာတို့တွင် စစ်မှုထမ်းအပတ်စဉ် ၂၃ အဖြစ် ရက်တိုသင်တန်းတက်ရောက်စေခဲ့ပြီး မေလ ၂၉ ရက်နေ့တွင် သင်တန်းဆင်းခဲ့သည်။ ယင်းနောက် ယနေ့ မေလ ၃၀ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်နှင့် ရေးမြို့နယ်တို့ရှိ ရှေ့တန်းစစ်မျက်နှာများသို့ ချက်ချင်း ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

“မတ်လပိုင်းထဲမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်တွေပါ။ မနေ့က သင်တန်းဆင်းပြီးတော့ ဒီနေ့မှာ သူတို့ကို ရှေ့တန်းပို့နေပြီ။ ကော့ကရိတ်သွားတဲ့ အဖွဲ့ကတော့ လက်ရှိ ဘားအံကိုရောက်သွားပြီ”ဟု သထုံဒေသသတင်းရင်းမြစ်က ​ပြောဆိုသည်။

အဆိုပါ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် လူငယ် ၃၂၅ ဦးကို ရှေ့တန်းစစ်ကြောင်းထိုးရာတွင် အသုံးပြုသွားမည်ဟု သက်ဆိုင်ရာ သင်တန်းကျောင်းက အသိပေးထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article