ရန်ကုန်၊ မေ ၃၀
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူများ လူစုလူဝေးမပြုလုပ်ရန်နှင့် ညမထွက်ရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မေလ ၃၀ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။
အကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်ဆင်ခြင်းကို ခုခံတော်လှန်တိုက်ခိုက်နေသည့် ကာလအတွင်း ကန်ပက်လက်မြို့ပေါ်နေ ပြည်သူတစ်ချို့သည် နေအိမ်များစွန့်ခွာကာ လုံခြုံမည့်နေရာသို့ ပြောင်းရွေ့ သွားခြင်းကြောင့် လူမရှိသည့် နေအိမ်များတွင် မသမာသူလူတစ်စုမှ နေအိမ်များဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ ခိုးယူမှုများ ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ညစဉ် မိမိနေအိမ်နှင့် ပုန်းခိုကျင်းများတွင်သာ နေထိုင်ကြရန် ၊ ခွင့်ပြုချက်မရှိဘဲ အများပြည်သူနှင့်ဆိုင်သော နေရာများသို့သွားလာခြင်း ၊ လူစုလူဝေးပြုလုပ်ခြင်း မပြုလုပ်ရန်နှင့် ည ၉ နာရီအချိန်မှ နံနက် ၅ နာရီအတွင်း ညမထွက်ရ အမိန့်ကို ထုတ်လိုက်ပြီး ထိုအမိန့်သည် နောက်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကန်ပက်လက်မြို့ကို မေလပိုင်းမှ စတင်ပြီး မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှ ထွက်လာသော စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ကန်ပက်လက်မြို့ အနီး တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုများနေခြင်းကြောင့် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်နေသော ကာကွယ်ရေးတပ်ဖွဲ့များ အတွက် ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပရောက်ရှိနေသော ပြည်သူများ အနေဖြင့် အလှူငွေ ထည့်ဝင်ပေးခြင်းအားဖြင့်သော် လည်းကောင်း၊ ဆုတောင်းပေးခြင်းအားဖြစ်သော် လည်းကောင်း အင်တိုက်အားတက် ပါဝင်ကူညီပေးကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၁ ရက်နေ့တွင် တောင်းဆိုထားသည်။
မေလ ၂၆ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ကန်ပက်လက်မြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ် ထက်မနည်းပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မေလ ၁၆ ရက်နေ့မှ စတင်ပြီး ကန်ပက်လက်မြို့ပေါ်ကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။




