ရန်ကုန်၊ မေ ၃၁
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် မဟာမိတ်အင်အားစုများ၊ ပြည်သူလူထုများနှင့် လက်တွဲကာ ဆက်လက်ကြိုး ပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုထုတ်ပြန်လိုက်သည်။
ယနေ့ မေလ ၃၁ ရက်နေ့တွင် ကျရောက်သော KNDF တည်ထောင်ခြင်း ၅ နှစ်ပြည့် နှုတ်ခွန်းဆက်သဝဏ်လွှာတွင် ထိုသို့ ကတိပြုထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
KNDF အနေဖြင့် တပ်တွင်းတည်ဆောက်ရေးကို အခြေခံ၍ မဟာမိတ်အင်အားနှင့် တစ်နိုင်ငံလုံး ညီညွတ်ရေးအားကို ဗျူဟာတစ်ရပ်အနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြည်သူလူထု၏ ယုံကြည်မှုနှင့် ပူးပေါင်းပါဝင်မှုကို အခြေခံ၍ စည်းလုံးညီညွတ်မှုကို ပိုမိုအားကောင်းစေကာ၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်လာစေရန် အလေးထားဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့အတူ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးနှင့် တရားမျှတ၍ ငြိမ်းချမ်းသော အနာဂတ်လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် မဟာမိတ်အင်အားစုများ၊ ပြည်သူများနှင့် လက်တွဲ၍ တာဝန်ယူမှုရှိစွာ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ပြည်သူ့တော်လှန်ရေးခရီး ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထု လိုလားတောင်းတနေသည့် တော်လှန်ရေးပန်းတိုင်သို့ နည်းလမ်းအသစ်ဖြင့် ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာထပ်လောင်းပြုထားသည်။
မတရားသော စစ်အာဏာရှင်ဖိနှိပ်မှုဘဝမှ လွတ်မြောက်ရေးအတွက် မလျော့သောဇွဲ၊ လုံ့လ၊ ဝိရိယတို့ဖြင့်လည်းကောင်း၊ အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာလည်းကောင်း တွန်းလှန်တိုက်ပွဲဝင်ခဲ့သည့် ၅ နှစ်တာခရီးအတွင်း ကျဆုံးခဲ့ပြီးဖြစ်သော အာဇာနည်သူရဲကောင်းများအားလုံးကို ဂုဏ်ယူစွာ အလေးပြုကြောင်းနှင့် တော်လှန်ရေးကာလအတွင်း ပြည်တွင်းပြည်ပရှိ မိဘပြည်သူများ၏ ကြိုးပမ်းမှု၊ ဝန်းရံမှု၊ ပံ့ပိုးမှုများကို အထူးကျေးဇူးတင်ရှိကြောင်း KNDF က ထုတ်ပြန်ထားသည်။




