ရန်ကုန်၊ ဇွန် ၃
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကျီးပြတ်ရွာတွင် ယာယီတပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး၊ စစ်တပ်စစ်ကြောင်းကလည်း ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ ကျေးရွာများကို ဆက်တိုက်မီးရှို့နေကြောင်း ပဲခူးအနောက်ရိုးမဗျူဟာ-၂၂ ၏ ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။
မေလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ကျီးပြတ်ရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းက ကျီးပြတ်ရွာရှိ ပြည်သူပိုင်ခြံဝင်းတစ်ခု၌ ယာယီတပ်စွဲထားစဉ် ဗျူဟာ-၂၂ ကွပ်ကဲမှုအောက်ရှိ ပူးပေါင်း တပ်ရင်းတပ်ခွဲများမှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကျီးပြတ်ရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး၊ မြေပြင်မှလည်း ၂ နာရီကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့သည်။
စစ်တပ်ဘက်မှ အထိနာသဖြင့် ကျေးရွာအတွင်းမှ ထွက်ပြေးဆုတ်ခွာသွားသောကြောင့် တော်လှန်ရေးရဲဘော်များက ကျီးပြတ်ကျေးရွာကို ပြန်လည်စီးနင်းပြီး နယ်မြေရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်ခဲ့သည်။
အုတ်ဖိုမြို့နယ်အတွင်းရှိ ချောင်းခွရွာသို့ မေလ ၃၁ ရက်နေ့က ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဇွန်လ ၂ ရက်နေ့အထိ နေအိမ်များကို ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူခဲ့သည်။
ထို့ပြင် စစ်တပ်စစ်ကြောင်းက ၎င်းတို့ဖမ်းဆီးထားသည့် ပြည်သူ ၅ ဦးကိုလည်း သတ်ဖြတ်ကာ ရုပ်အလောင်းများကို ချောင်းခွရွာထိပ်တွင် စွန့်ပစ်ထားခဲ့သည်။ လက်ရှိတွင် ကျေးရွာနေပြည်သူများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးပေ။
ဒေသစစ်ရေးသတင်းရင်းမြစ်ကလည်း “အုတ်ဖိုမှာက တိုက်ပွဲတွေကလည်း ဆက်တိုက်ရှိနေတုန်းပဲ စစ်ခွေးစစ်ကြောင်းကလည်း ရွာတွေကို လိုက်လံမီးရှို့တာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေပါ ကျူးလွန်လာပါတယ်။ အခုချိန်ထိ စစ်ရေးတင်းမာနေတုန်းပါပဲ” ဟု ပြောဆိုသည်။
အုတ်ဖိုမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် ဒေါင်းကြီးရွာ၊ ဒေါင်းလေးရွာ၊ ကျေးပင်ဆိတ်ရွာ၊ မအူတန်းရွာ၊ ဝင်းသရက်ရွာ၊ သရက်နှစ်ပင်လိမ်ရွာ၊ ကိုင်းရှိုကြီးရွာ၊ သာလိကာရွာ၊ ချောင်းခွကြီးရွာ၊ ကျွဲတဲကုန်းရွာ၊ ကြိုးကြာကွင်းရွာ၊ စမ်းကြီးကုန်းရွာ၊ စံပြရွာ၊ ထွက်တိုးရွာ၊ ရေငံရွာ၊ စမ်းသုခရွာ၊ ကိုင်းတောစုရွာ၊ ကြို့ကိုးပင်ရွာ၊ ချင်းစုရွာ၊ ကျွဲဖြူမရွာ၊ ရွာရှောင်ရွာ၊ ကိုင်းကြီးရွာ၊ ကိုင်းလေးရွာ၊ တင်းကုတ်ရွာ၊ ဥတိုရွာ၊ ရေဒါရွာနှင့် ကျီးပြတ်ရွာတို့အပါအဝင် ရွာပေါင်း ၃၀ နီးပါးမှ သောင်းနှင့်ချီသောပြည် သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာနှင့်နေအိမ်များကို မီးရှို့ ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




