ရန်ကုန်၊ ဇွန် ၃
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပသို့ ထွက်ခွာခွင့် ပိတ်ပင်ခံထားရသူများကို ငွေကျပ်သိန်း ၅၀ ပေးလျှင် သွားလာခွင့်ရအောင်လုပ်ပေးမည်ဟု လိမ်လည်ပြောဆိုကာ ဌာနဆိုင်ရာအရာရှိအချို့က ငွေကြေး လိမ်လည်တောင်းခံမှုများ လုပ်ဆောင်နေကြောင်း ငွေအလိမ်ခံသူတချို့ထံမှ သိရသည်။
ငွေကြေးတောင်းခံနေသူများမှာ လေဆိပ်တွင် တာဝန်ကျနေသော အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနမှ ဦးစီးအရာရှိ လှမျိုးသန်းနှင့် ဦးစီးအရာရှိ စိုးမင်းထက်တို့ ဖြစ်ကြပြီး ၎င်းတို့နှစ်ဦး ပူးပေါင်းကာ PJ (Job) ပတ်စ်ပို့ ကိုင်ဆောင်ထားသည့် အလုပ်သမားများထံမှ ငွေကျပ် သိန်း ၅၀ အထိ တောင်းခံနေခြင်း ဖြစ်သည်။
ထို့အပြင် အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနမှ ဦးစီးအရာရှိ လှမျိုးသန်းက သိန်း ၅၀ အပြင် လက်ဖက်ရည်ဖိုးအဖြစ် ငွေကျပ် ၈ သိန်း ထပ်မံပေးဆောင်လျှင် မည်သည့်စစ်ဆေးမေးမြန်းမှုမျှ မရှိဘဲ လေယာဉ်ပေါ် တက်ခွင့်ရအောင် လုပ်ပေးမည်ဟုဆိုကာ ငွေကြေးများ ထပ်မံ ထပ်မံတောင်းခံခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း ငွေကြေးများ ပေးဆောင်ခဲ့သော်လည်း ပြည်ပထွက်ရန် ကြိုးစားသော အလုပ်သမားများမှာ ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ကောင်တာသို့ ရောက်ရှိချိန်တွင် အထောက် အထားမခိုင်လုံဟုဆိုကာ လေယာဉ်ပေါ် တက်ခွင့်မပေးဘဲ လေဆိပ်မှ လှည့်ပြန်လာခဲ့ရကြောင်း သိရှိရသည်။
“နေပြည်တော်ကနေ ထွက်ခွာခွင့်ပြုမိန့်မကျပေမယ့် အဲ့ ၂ ကောင်က တာဝန်ယူတယ်ပြောပြီး ပိုက်ဆံတောင်းခံနေတာ အမှန်တကယ်တော့ ပြန်လွှတ်ခံရတာပဲ။ ထွက်ခွာခွင့်မရပါဘူး။ စိုးမင်းထက် ဆိုတဲ့ကောင်ကလည်း ဌာနဆိုင်ရာ အမည်အမျိုးမျိုးခံပြီး ဦးစီးအရာရှိပါပြောပြီး ငွေတောင်းတယ်။ သူဘယ်သူလဲဆိုတာတော့ အလုပ်သမားညွှန်ကြားရေးမှူး ဦးစီးဌာနက ဦးစီးအရာရှိ လှမျိုးသန်းပဲသိလိမ့်မယ်။ အဲ ၂ ကောင်က ပူးပေါင်းပြီး တောင်းနေတာ တကယ်တမ်းတော့ ဘယ်သူမှ ပြည်ပထွက်ခွာခွင့်မရဘူး။ အကုန်လုံး လဝက ကောင်တာကနေပဲ ပြန်လွှတ်ခံရနေရတာ”ဟု ငွေကြေးအလိမ်ခံရသူတစ်ဦးက ရှင်းပြသည်။
ရန်ကုန်လေဆိပ်တွင် ယင်းကဲ့သို့ ဗြောင်ကျကျ ငွေကြေးလိမ်လည်တောင်းခံနေမှုများကို လေကြောင်းရဲ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ အပါအဝင် အဖွဲ့အစည်းပေါင်းစုံထံသို့ သတင်းပေးတိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ယခုထက်ထိ ငွေကြေးများ ဆက်လက်တောင်းခံနေဆဲဖြစ်ကြောင်း သိရှိရသည်။




