29 C
Yangon

ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ် လမ်းတစ်လျှောက် ပျူစောထီးနှင့်ပြည်သူ့စစ်များက ဂိတ်ဖွင့်ပြီး မတရား ဆက်ကြေးကောက်နေ၍ ကုန်ဈေးနှုန်းများ ထိုးတက်နေဟု အကြမ်းဖက် ဘူးလက်လှဆွေ ပြော

Must read

ရန်ကုန်၊ ဇွန် ၃

နေပြည်တော်မှ ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ် ဘားအံလမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီဂိတ်များအပြင် ပြည်သူ့စစ်များနှင့် ပျူစောထီးများပါ ဂိတ်များဖွင့်လှစ်ကာ မတရား ဆက်ကြေးကောက်ခံနေမှုများကြောင့် ကုန်ဈေးနှုန်းများ အဆမတန် ထိုးတက်နေရကြောင်း အကြမ်းဖက် ဘူးလက်လှဆွေက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။

မကြာသေးမီရက်ပိုင်းအတွင်း နေပြည်တော်မှ ဘားအံမြို့သို့ သွားရောက်ခဲ့ရာ လမ်းခရီးတွင် ပဲခူးတိုင်း၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်တို့ကို ဖြတ်သန်းခဲ့ရပြီး လမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်ပေါင်း ၂၀ နီးပါးခန့် ရှိနေသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ ထိုဂိတ်များတွင် ပျူစောထီးနှင့် ပြည်သူ့စစ်အမည်ခံထားသူများက မည်သည့်အကြောင်းပြချက်မျှမရှိဘဲ ဂိတ်များဖွင့်ကာ ငွေကြေးတောင်းခံနေကြကြောင်း ဘူးလက်လှဆွေက ပြောဆိုသည်။

ယခုကဲ့သို့ လမ်းခရီးတွင် ဂိတ်များစွာကို မတရား ဆက်ကြေးပေးဆောင်နေရသည့်အတွက် ကုန်စည်စီးဆင်းခစရိတ်များ မြင့်မားလာပြီး ကုန်ဈေးနှုန်းများမှာ ၃ ဆခန့်အထိ အဆမတန် မြင့်တက်သွားရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ငွေကျပ် ၁၂,၀၀၀ သာရှိသော ဆပ်ပြာမှုန့်တစ်ထုပ်သည် နေပြည်တော်သို့ ရောက်ရှိချိန်တွင် ငွေကျပ် ၃၅,၀၀၀ အထိ ဖြစ်သွားကြောင်း၊ ဘားအံတွင် ငွေကျပ် ၄,၂၀၀ သာပေးရသည့် ချောကလက်ထုပ်မှာ နေပြည်တော်၌ ငွေကျပ် ၁၂,၀၀၀ အထိ ပေးရကြောင်း၊ ဘားအံတွင် ငွေကျပ် ၃ သိန်းတန်ဖိုးရှိသော ကားတာယာတစ်လုံးသည် နေပြည်တော်၌ ငွေကျပ် ၆ သိန်းခွဲအထိ ဈေးနှုန်းကြီးမြင့်သွားကြောင်း သူက ဆိုသည်။

ထို့အတူ နေပြည်တော်မှထွက်ရှိသည့် ဖရဲသီးတစ်လုံးလျှင် ၁,၅၀၀ ကျပ်သာ ရှိသော်လည်း ဘားအံသို့ ရောက်ရှိသွားချိန်တွင် ငွေကျပ် ၁၅,၀၀၀ အထိ ဖြစ်သွားကာ အိုဗာတင်းဖျော်ရည်ဘူးများအစ ကုန်ပစ္စည်းအားလုံး ဈေးနှုန်း ၃ ဆခန့် ကွာဟသွားကြောင်း ထောက်ပြထားသည်။

“ဟိုတလောက ဘားအံသွားတာပေါ့၊ ဘားအံသွားတော့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၃ ခု ဖြတ်သွားရတယ်၊ ဖြတ်သွားရတော့ ဂိတ်တွေက ၂၀ လောက်ရှိတယ်။ ပြည်သူ့စစ်ဆိုတဲ့သူတွေလည်း ဂိတ်တွေဖွင့်ထားတယ်။ အဲဒီမှာ ပြည်သူ့စစ်တွေက ဘာလို့ဖွင့်တာတုန်း။ ပြည်သူ့စစ်တွေက ဘာမှလည်း ဟုတ်ပဲနဲ့၊ ဂိတ်ဖွင့်တာကို ကျနော်တွေ့တယ်။ အလိုဂိတ်ဖွင့်ခြင်းအားဖြင့် ဘာဖြစ်သွားလဲဆိုတော့ ဆပ်ပြာမှုန့်တစ်ထုပ်ကို ဘားအံမှာက ၁၂၀၀၀ က နေပြည်တော်မှာ သုံးသောင်းခွဲ၊ လက်သုံးလောက်ရှိတဲ့ ချောကလက်ပြားတစ်ပြားကို ဘားအံမှာ ၄၂၀၀ ဆိုရင် ဒီမှာ ၁၂၀၀၀ ရှိတယ်။ အဲဒီတော့ ၃ ဆကွာတယ်။ တာယာတစ်လုံးကို ၃ သိန်းဆိုရင် ဒီမှာ ၆ သိန်းခွဲ၊ အိုဗာတင်းဖျော်ရည်ဖူးလေးတွေကအစ ၃ ဆကွာတယ်၊ ဈေးက၊ နေပြည်တော်ကထွက်တဲ့ ဖရဲသီးကျတော့ ဒီမှာ ၁၅၀၀ ၊ ဟိုမှာ ၁၅၀၀၀ ၊ အဲဒီလိုပေါ့၊ လမ်းကဂိတ်တွေ ပေးနေရတာဆိုတော့ တော်တော်လေးတော့ခက်တယ်။ အဲဒါတွေအဖြေရှာရမှာပေါ့၊ အဲဒါတွေ တာဝန်ရှိတဲ့သူတွေ အဖြေရှာဖို့ပြောတာ” ဟု ဘူးလက်လှဆွေက ဆိုသည်။

လက်ရှိ လမ်းတစ်လျှောက် ကြုံတွေ့နေရသည့် ဂိတ်ကြေး ကောက်ယူမှုများကို ခရီးသွားပြည်သူများနှင့် ကုန်သည်များ ကြုံတွေ့နေရသည့် ယင်းအခက်အခဲများနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အဖြေရှာ ဖြေရှင်းပေးရန် လိုအပ်ကြောင်း ဘူးလက်လှဆွေက ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article