28.7 C
Yangon

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်အုပ်ချုပ်ရေးမှူး စီဖြိုးလင်းနှင့်မိန်းမက လူငယ်များကို ဖမ်းဆီးပြီး သိန်း ၁၅၀ ဖြင့် ပြန်ရွေးခိုင်း၊ ဘိုကလေးတွင်လည်း ရာအိမ်မှူး အောင်မြင့်က လူငယ် ၁ ဦးလျှင် စစ်မှုထမ်းကြေး ၂ သိန်းကျော် လစဉ်ကောက်ခံနေ

Must read

ရန်ကုန်၊ ဇွန် ၄

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ စီဖြိုးလင်းနှင့် မိန်းမတို့က ဧည့်စာရင်းစစ်ဆေးခြင်းနှင့် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ရပ်ကွက်အတွင်းမှ လူငယ်များကို မတရားဖမ်းဆီးကာ ငွေကျပ်သိန်း ၁၀၀ မှ ၁၅၀ အထိ ပေးဆောင်မှသာ ပြန်လွှတ်ပေးခြင်းဖြင့် မတရားငွေညှစ်မှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါအုပ်ချုပ်ရေးမှူး စီဖြိုးလင်းသည် ဧည့်စာရင်းကို အကြောင်းပြ၍ ဖမ်းဆီးခြင်း၊ စစ်မှုထမ်းဥပဒေ အ ကြောင်း ပြ၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခြင်းဖြင့် လူငယ်များကို မတရားဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးထားသော လူငယ်များကိုလည်း စစ်ထဲမဝင်လိုပါက ငွေကျပ်သိန်း ၁၀၀ မှ ၁၅၀ အထိ ပေးရမည်ဟု ဆိုကာ မိဘများကို လာရောက် ရွေးယူခိုင်းကြောင်း၊ ငွေဖြင့် ပြန်လည် ရွေးယူနိုင်သူများကိုသာ ပြန်လည်လွှတ်ပေးပြီး၊ ငွေမပေးနိုင်သည့် လူငယ်များကိုမူ စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ စစ်တပ်အတွင်းသို့ ထည့်သွင်းနေကြောင်း သိရသည်။

“မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ( ဆ ) ရပ်ကွက် အုပ်ချုပ်ရေးမှူး စီဖြိုးလင်းသည် ဧည့်စရင်း အကြောင်းပြကာ လူငယ်တွေကို မတရားဖမ်းဆီး ငွေညှစ်နေပါတယ်။ ဖမ်းထားတဲ့လူငယ် ၁ ဦးကို သိန်း ၁၀၀၊ သိန်း ၁၅၀ ရမှ ပြန်လွတ်ပေးပြီး မပေးနိူင်တဲ့ သူတွေကို အတင်းစစ်မူထမ်းထဲ ထည့်ပါတယ်၊ ရပ်ကွက်ထဲလည်း မီးကင်းကြေး၊ သက်ကြီးပူဇော်ပွဲကြေး ဆိုပြီး အကြောင်းအမျိုးမျိုးပြကာ ငွေကြေး ကောက်ခံပါတယ်၊ သူမိန်းမက ရတနာပုံတက္ကသိုလ်က Non-CDM ဝန်ထမ်း ဖြစ်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူပင် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ထော်ပိုင်အစု၊ ကြက်ဖြူချောင်းကျေးရွာတွင်လည်း ရာအိမ်မှူးဖြစ်သူ ဦးအောင်မြင့်က ကျေးရွာအတွင်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်တစ်ဦးလျှင် ငွေကျပ် ၂၂၀,၀၀0 စီ လစဉ်မတရားလိုက်လံကောက်ခံနေကြောင်း သိရသည်။

ငွေမထည့်နိုင်သည့် သူများကို စစ်မှုထမ်းခိုင်းမည်ဟု အတင်းအဓမ္မ ခြိမ်းခြောက်နေသောကြောင့် လက် လုပ်လက်စား ရွာသားများသည် မိမိတို့ပိုင်ဆိုင်သည်များကို ပေါင်နှံရောင်းချကာ ပေးဆောင်နေရပြီး၊ အချို့မိသားစုများမှာ စစ်မှုထမ်းကြေးအဖြစ် လစဉ် ငွေကျပ်သိန်းချီ၍ ထည့်ဝင်နေရသည်။

” ရာအိမ်မှူးက ရွာသားတွေဆီက စစ်မှုထမ်းအကြောင်းပြငွေကောက်ခံပြီး လက်ရှိအချိန်အထိ သူ့ကိုယ်ကျိုးအတွက် သုံးစွဲနေပါတယ်။ ရွာသားတွေဟာလည်း ရာအိမ်မှူး အောင်မြင့် မတရားလုပ်တာ သိနေပါလျက်နဲ့ ရာအိမ်မှူးရဲ့ အကျပ်ကိုင်ခြိမ်းခြောက်မှုတွေကြောင့် ရေငုံနှုတ်ပိတ်နေနေရပါတယ်။ အခုလိုမျိုးဖြစ်နေတာကို ဥက္ကဋ္ဌဖြစ်သူကလည်း မသိခြင်ယောင်ဆောင်ပြီးတော့ ရာအိမ်မှူး အောင်မြင့်နဲ့ ပေါင်းစားနေတာကြောင့် ဘယ်သူကိုမှ မပြောရဲဘဲ ကျီးလန့်စာစားနေနေရပါတယ်”ဟု ဘိုကလေး ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများကို စစ်မှုထမ်းဥပဒေနှင့် ဧည့်စာရင်းကို အကြောင်း ပြကာ မတရားနှိပ်စက် အနိုင်ကျင့်ပြီး ကိုယ်ကျိုးရှာနေမှုများကို သက်ဆိုင်ရာ နေပြည်တော်သို့ တိုင် ကြားသော်လည်း အရေး ယူမှုမရှိဘဲ တိုင်ကြားသူများကို ပြန်လည် ခြိမ်းခြောက်မှုများ အကြီး အကျယ် ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – လူငယ်များကို ဖမ်းဆီး ငွေညှစ်နေသော ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူး စီဖြိုးလင်းနှင့် မိန်းမ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article