ရန်ကုန်၊ ဇွန် ၄
မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်ရှိ ဂျီထရာမြို့ (Jitra) တိုးဂိတ်အနီး အဝေးပြေးလမ်းဘေးတစ်နေရာတွင် တရားမဝင် ခိုးဝင်လာသော မြန်မာအလုပ်သမား ၇ ဦးကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၄ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထောက်လှမ်းရေးနှင့် အထူးစစ်ဆင်ရေးဌာနခွဲမှ အာဏာပိုင်များသည် တရားမဝင်နိုင်ငံခြားသားများကိုတွေ့ရှိကြောင်း ကြိုတင်သတင်းပေးချက်အရ ကဒါးပြည်နယ်၊ ဂျီထရာမြို့ အဝင်တိုးဂိတ် မြောက်ဘက် အနီးရှိ အဝေးပြေးလမ်းမဘေးကို သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးစဉ်အတွင်း မည်သည့်ခရီးသွားလာခွင့် အထောက် အထားနှင့် တရားဝင်ပါမစ်တစ်ခုမှ ပြသနိုင်ခြင်းမရှိ မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးကို စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မလေးရှားအာဏာပိုင်များ၏ စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများက ၎င်းတို့ကို လာရောက်ခေါ်ဆောင်မည့် ကားကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ဆက်လက်စစ်ဆေးချက်များအရ ၎င်းတို့တွင် မလေးရှားနိုင်ငံအတွင်း နေထိုင်ရန် တရားဝင်သော မည်သည့်မှတ်ပုံတင် စာရွက်စာတမ်းမျှ မရှိကြကြောင်း ဝန်ခံထွက်ဆိုထားသည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၇ ဦးလုံးကို ကဒါးပြည်နယ် မလေးရှားလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးသို့ ပို့ဆောင်ထားပြီး ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ အမှုဖွင့်လှစ်ကာ ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးခံလိုက်ရသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် မလေးရှားနိုင်ငံအတွင်းသို့ ခိုးဝင်လာသူ လူသစ်များ ဟုတ်၊ မဟုတ်နှင့် မလေးရှားနိုင်ငံမှ ပြန်လည် ခိုးထွက်ခွာရန် ပြင်ဆင်နေသူများဖြစ်ကြောင်းကိုပါ ဆက်လက်စုံစမ်းစစ်ဆေးနေပြီး၊ ၎င်းတို့နောက်ကွယ်က ပွဲစားများနှင့် လူမှောင်ခိုဂိုဏ်း များကိုပါ ထပ်မံဖော်ထုတ်ကာ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသဖြင့် လူငယ်များမှာ မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေကြောင်း မလေးရှားတွင် မြန်မာအလုပ်သမားများကို ကူညီနေသူများက ပြောဆိုသည်။
“တရားမဝင် ဝင်လာသူတွေက အသက် ၁၈ ကနေ အသက် ၃၅ နှစ် လူငယ်တွေများတယ်။ စစ်မှုထမ်းနဲ့ ပေါ်တာဆွဲတာကို ရှောင်ကြတာ။ ထိုင်းမှာကလည်း အလုပ်အကိုင်ရှားတော့။ မလေးရှားကို အပေါ်လမ်း(တရားဝင်ဗီဇာဖြင့် လေဆိပ်မှတစ်ဆင့်) က Calling Visa တွေက အရမ်းခက်ခဲတော့ အောက်လမ်း(တရားမဝင်)က လာကြတာ။ နေ့စဉ်ကို လူငယ်တွေ ရာဂဏန်းအထက်ပဲ မလေးရှားထဲ အောက်လမ်းကနေဝင်နေကြတာ” ဟု မလေးရှားရောက် မြန်မာအလုပ်သမားအရေးကူညီသူတစ်ဦးက ရှင်းပြသည်။






