28.7 C
Yangon

ပေါင်းတလည်တွင် PDF ၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ပျူစောထီးခေါင်းဆောင် လှမြင့်နေရာကို ဆက်ခံသည့် သားဖြစ်သူ ပျူစောထီး စိုင်းသီဟကို PDF က ထပ်မံ ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၄

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွင် PDF တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံထားသူ လှမြင့်၏ သားဖြစ်သူ ပျူစောထီးစိုင်းသီဟ (ခ) ချိုကြီးကို တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ ၃ ရက်နေ့ ညနေပိုင်းအချိန် ပေါင်းတလည်မြို့နယ်အပိုင် ခွေးရဲရွာမအုပ်စု၊ ချင်ရုတ်ကုန်းကျေးရွာရှိ ရွာထိပ်၌ ပျူစောထီးခေါင်းဆောင် စိုင်းသီဟ (ခ) ချိုကြီးကို တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ စိုင်းသီဟသည် ၎င်း၏ဖခင်ဖြစ်သူ ပျူစောထီးခေါင်းဆောင် လှမြင့် သေဆုံးသွားပြီးနောက် ၎င်း၏ နေရာကို ဆက်ခံခဲ့သူဖြစ်ပြီး၊ ဖခင်ဖြစ်သူနည်းတူ ပေါင်းတလည်မြို့နှင့် ပြည်မြို့များရှိ လူငယ်များကို ဦးဆောင်ကာ ပေါ်တာဆွဲဖမ်းဆီးခြင်းများ ပြုလုပ်နေသူဖြစ်သည်။

ထို့ပြင် ၎င်းသည် စစ်တပ်လမ်းကြောင်းများနှင့် လောင်းကစားဝိုင်းများ လုံခြုံရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ပေးနေသည့်အပြင် ဒေသတွင်း PDF တပ်ဖွဲ့များကိုလည်း စိန်ခေါ်ထားသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ဒေသခံသတင်းရင်းမြစ်က “သူ့ဖမ်းခံရတာက ချင်ရုတ်ကုန်းရွာထိပ်မှာ ဖမ်းခံရတာ။ ပျူစောထီးခေါင်းဆောင် လှမြင့်ရဲ့သား၊ သူ့အဖေက PDF တပ်တွေ ပစ်ခတ်လို့ သေပြီး အဲဒီကောင်က သူ့အဖေနေရာကို ဆက်ခံပြီး ပေါင်းတလည်မြို့နဲ့ ပြည်မြို့မှာ လူငယ်တွေကို သူဦးဆောင်ပြီး ပေါ်တာဆွဲတယ်။ လူကြီးလမ်းကြောင်းနဲ့ လောင်းကစားဝိုင်း လုံခြုံရေးကို သူ့အဖွဲ့က အဓိကလုပ်ကိုင်ပေးနေရတာ။ အဲ့ကောင်က PDF တွေကိုလည်း စိန်ခေါ်ထားတယ်” ဟု ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးမှုအား မည်သည့်တော်လှန်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့သည်ကို လတ်တလောတွင် အတည်ပြုနိုင်ခြင်း မရှိသေးဘဲ၊ ဖြစ်စဉ်အပြည့်အစုံကို သိရှိနိုင်ရန်အတွက် ဒေသတွင်း PDF တပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

စိုင်းသီဟ၏ဖခင်ဖြစ်သူ ပျူစောထီးခေါင်းဆောင် လှမြင့်ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ပေါင်းတလည်မြို့အပိုင် ဝန်တင်ဆိပ်ကျေးရွာအနီးတွင် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ တောလှန်ရေးရဲဘော်များက အရှင်ဖမ်းဆီးရမိခဲ့သည်။ သို့သော်လည်း စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် လမ်းခုလတ်၌ ပြန်လည်ခုခံထွက်ပြေးသဖြင့် ရဲဘော်များက လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article