ရန်ကုန်၊ ဇွန် ၄
ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်ရှိ အဖြိုက်နက် သတ္တုသိုက်များကို တရုတ်နိုင်ငံကုမ္ပဏီက စည်းကမ်းမဲ့ ထုတ်ယူနေမှုကြောင့် သံလွင်မြစ်ရေ အဆိပ်သင့်နေပြီး ပြည်သူအချို့ ရောဂါဝေဒနာများ စတင်ခံစားနေရပြီဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိမ်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မိုင်းတုံမြို့နယ်၊ မိုင်းကျွတ်အုပ်စုတွင် တည်ရှိသည့် မြို့နယ်၏ အမြင့်ဆုံးတောင်တစ်ခုဖြစ်သော လွယ်ချီလိတ်တောင်တန်း၏ တောင်ဘက်တွင် တရုတ်ကုမ္ပဏီတစ်ခုက “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ခွင့်ပြုချက်ဖြင့် အကြီးစား အဖြိုက်နက်သတ္တုတွင်းတစ်ခုကို တူးဖော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အကြီးစား အဖြိုက်နက်သတ္တုများ ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် လမ်းများဖောက်လုပ်ကာ ၂၀၂၅ ခုနှစ်မှစ၍ ၃ ကီလိုမီတာရှည်သော သတ္တုတွင်းသုံး စက်ယန္တရားကြီးများကို တရုတ်နိုင်ငံမှ သယ်ဆောင်ခဲ့ကြောင်း၊ ထို့အပြင် သတ္တုတွင်းနယ်မြေ၏ အောက်ခြေဘက်တွင်လည်း သတ္တုသန့်စင်စက်ရုံများကို တည်ဆောက်ကာ ဖတ်ဂွတ်ချောင်းပေါ်တွင်လည်း ရေလှောင်တမံ တည်ဆောက်ခဲ့ကြောင်း သိရသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိမ်းလျန်းဟန်က “တရုတ်လုပ်ကွက် UWSA ရဲ့ခွင့်ပြုချက်နဲ့ ထုတ်လုပ်နေတာဖြစ်ပြီး ရုရှားကတော့ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ထုတ်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ လောလောဆယ် ထိခိုက်တာက သံလွင်မြစ်ပေါ့၊ သံလွင်မြစ်ရေက အဆိပ်သင့်နေပြီ။ ပြည်သူတွေ ဘာမှ သံလွင်မြစ်ကို မှီခိုပြီး လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ တချို့ရွာတွေမှာ အရေပြားရောဂါတွေ စဖြစ်နေပြီ၊ ရေရှည်ဆိုရင် ရေကြီးတာတွေလည်း ဖြစ်လာနိုင်ပါတယ်”ဟု ပြောဆိုသည်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ခွင့်ပြုချက်ဖြင့် လက်ရှိ ထုတ်လုပ်နေသော သတ္တု တွင်းသည် မိုင်းကျွတ်ရွာ၏ အရှေ့မြောက်ဘက် ၆ ကီလိုမီတာအကွာ၊ လွယ်ချီလိတ်တောင်တန်း၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး သတ္တုတွင်းနှင့် အနီးစပ်ဆုံးရွာမှာ အောက်ခြေဘက်တွင် တည်ရှိသည့် ဝမ်ဝရွာဖြစ်သည်။
ထို့ကြောင့် ဝမ်ဝရွာနေ ပြည်သူများမှာ သတ္တုတွင်းမှ စီးဆင်းလာသော စွန့်ပစ်ရေများကြောင့် ကလေးငယ်များတွင် အရေပြားကူးစက်ရောဂါများ စတင်ခံစားနေရကြောင်း၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီအကုန်တွင်လည်း သတ္တုတွင်းမှ စီးဆင်းလာသော စွန့်ပစ်သဲနုန်းအနည်အနှစ်ရေများသည် မိုင်းကျွတ်ရွာအနီးရှိ ဖတ်ဂွတ်ချောင်းအတွင်း စီးဆင်းခဲ့ရာ ချောင်းအောက်ဘက်ရှိ စိုက်ခင်းများထဲသို့ ရေလွှမ်းမိုးသွားခဲ့သဖြင့် စိုက်ခင်းများ ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် သတ္တုတွင်းအတွက် အသုံးပြုနိုင်ရန် ဖတ်ဂွတ်ချောင်းပေါ်တွင် ရေလှောင်တမံ တည် ဆောက် မှုကြောင့် ဆည်အောက်ဘက်ရှိ ချောင်းရေများ ခန်းခြောက်သွားခဲ့ရကာ ဒေသခံပြည်သူများအတွက် သုံးရေ၊ စိုက်ပျိုးရေ လိုအပ်ချက်ကို ထိခိုက်ခံစားခဲ့ရကြောင်း၊ အဆိုပါ ဖတ်ဂွတ်ချောင်းသည် သံလွင်မြစ်အတွင်း စီးဝင်သည့် နမ့်ကျွတ်မြစ်နှင့် ပူးပေါင်းထားကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိတွင် အပြည့်အဝ လည်ပတ်နေပြီဖြစ်သော သတ္တုတွင်းမှ ထွက်လာသည့် ဓာတု ပစ္စည်းများနှင့် သတ္တုရိုင်းများမှ ထွက်လာသည့် ဓာတုအဆိပ်များမှာ ဖတ်ဂွတ်ချောင်းနှင့် နမ့်ကျွတ်မြစ်တစ်လျှောက် နေထိုင်သည့် ပြည်သူများအတွက်သာမက သံလွင်မြစ်တစ်လျှောက် နေထိုင်ကြသော ပြည်သူများကိုပါ ကြီးမားစွာ ထိခိုက်လာနေပြီဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အသိပေးထားသည်။




