28.7 C
Yangon

မကွေးတိုင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးပြီး ဗိုလ်မှူး အောင်ဖြိုးဝေနှင့် ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် စစ်သား ၁၈ ဦးကို စစ်သုံ့ပန်းများအဖြစ် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဇွန် ၄

မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးနယ်မြေအသီးသီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၁ ဦး သေဆုံးကာ ဗိုလ်မှူး အောင်ဖြိုးဝေနှင့် ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် ၁၈ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့ ဇွန်လ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် စစ်ကောင်စီတပ်တို့အကြား မေလနှင့် ဇွန်လပထမပတ်အတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၄၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း စစ်သား ၃၁ ဦး သေဆုံးပြီး ၅၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် သုံ့ပန်း ၁၈ ဦးကိုပါ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မြေပြင်စစ်ဆင်ရေးတိုက်ပွဲများအနက် မေလ ၂၂ ရက်နေ့ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) မှ ချောက်မြို့ရှိ က.ပ.စ ၂၁ သို့ ထွက်ခွာလာသော စစ်ကား ၅ စီးကို မကွေးခရိုင်စစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်းများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် မေလ ၂၆ ရက်နေ့တွင်လည်း ချောက်မြို့အခြေစိုက် ခလရ (၁၃) မှ ထွက်ခွာလာသည့် ရန်သူ့ခဲယမ်းသယ်ဆောင်သော ယာဉ် ၂ စီးကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၂၆ ရက်နေ့တွင်လည်း ဆိပ်ဖြူမြို့မှတစ်ဆင့် က.ပ.စ ၂၁ သို့ အင်အားဖြည့်တင်းရန် ထွက်ခွာလာသည့် စစ်ကောင်စီစစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဉ် ၂ စီး ပျက်စီးသွားခဲ့သည်။ မေလစတုတ္ထပတ်အတွင်း၌လည်း ပုံတောင်တောင်ကြောမှတစ်ဆင့် ဂန့်ဂေါခရိုင်အတွင်းသို့ ဝင်ရောက်လာသော အင်အား ၁,၀၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းနှင့် ယာယီထိုင်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် မေလစတုတ္ထပတ်အတွင်း သရက်ခရိုင်တပ်ရင်း ၃ က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ခမရ ၅၉၉ မှ စစ်တပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်မှူး အောင်ဖြိုးဝေ နှင့် ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် သုံ့ပန်းအချို့ကို ဖမ်းဆီးရမိခဲ့ကာ ပစ္စတို ၁၉ လက်၊ ကျည်ဘောက် ၃၈ ခုနှင့် ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ မေလ ၂၉ ရက်နေ့တွင်လည်း နတ်မောက်ဆက်သွယ်ရေးတပ်မှ ဒုတပ်ကြပ် ရန်နိုင်ကို စစ်ဆင်ရေးနယ်မြေတစ်နေရာတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

လတ်တလောဖြစ်စဉ်အဖြစ် ဇွန်လ ၃ ရက်နေ့တွင် မင်းတုန်းမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် သရက်ခရိုင်တပ်ရင်း ၄ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သုံ့ပန်း ၁၅ ဦးနှင့် သေနတ် ၁ လက်ကို ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article