ရန်ကုန်၊ ဇွန် ၄
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်မြို့နယ်တွင် ပြည်သူ့နေအိမ်များအား ဖောက်ထွင်းခိုးယူနေသော စစ်တပ်ကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ကော့ သောင်းခရိုင် ပကဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
မေလ ၂၅ ရက်နေ့တွင် ကော့သောင်းတပ်နယ်နှင့်ခမောက်ကြီးတပ်နယ်တို့မှ ပူးပေါင်း စစ်သား ၂၀၀ ခန့်သည် မလိဝမ်းဒေသနှင့် မာ ရမ်းဒေသများသို့ စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်လာခဲ့ပြီး မိဘပြည်သူများ၏ ဥယာဉ်ခြံများသို့ ဝင်ရောက်ကာ တန်ဖိုး ရှိပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ခိုးယူနေကြကြောင်း သိရသည်။
ထို့ကြောင့် ဇွန်လ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ခမောက်ကြီးမြို့နယ်၊ ဒေသအခေါ် နံပါတ် ၂ ချောင်းဖျားနှင့် မလိဝမ်းခဲမိုင်းကြားသို့ ရောက်ရှိပြီး မိဘပြည်သူပိုင် ဥယျာဉ်ခြံအတွင်းရှိ နေအိမ်များ ကို ဝင်ရောက်ခိုးယူစားသောက်နေကြသော အင်အား ၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ် သား များ အထိနာကာ ထွက်ပြေးသွားကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး တစ်ဦးအပါအဝင် ၁၄ ဦး အပြင်းအထန် ဒဏ်ရာရရှိပ ပြီး ထွက်ပြေးဆုတ်ခွာစဉ် လမ်း၌ စစ်သား ၄ ဦး သေဆုံးကြောင်း၊ ယင်းစစ်ကြောင်းအား ဇွန်လ ၂ ရက် နေ့တွင်လည်း လိုက်လံ၍ ထပ်မံတိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
“သေတဲ့အထဲမှာ ဗိုလ်မှူးပါမပါတော့ မသိရသေးဘူး။ ဆုတ်တာကတော့ ခမောက်ကြီးဘက်ဦးတည် ပြီး ဆုတ်နေတာ။ သူတို့မထွက်နိုင်ကြသေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာကို နယ်မြေရှင်းလင်းခဲ့တာမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူစားသုံးခံထားရတာတွေ တွေ့တယ်။ ဒဏ်ရာရပြီး ဆွဲထုတ်သွားတဲ့ လမ်းကြောင်းတလျှောက်မှာလည်း သွေးအိုင်တွေ တွေ့တယ်။ ကျန်တဲ့စစ်ကြောင်း ၂ ခုက မလိဝမ်းနဲ့ မာရမ်းဒေသ နယ်စပ်တကြောမှာရှိသေးတယ်” ဟု ကော့သောင်းခရိုင် ပကဖ သတင်းနှင့်ပြန်ကြား ရေး တာဝန်ခံ ကိုကျားကြီးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီတိုင်း (ပကဖ) တိုက်ခိုက်ရေးတပ်ရင်း နှင့် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။
ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်လာနိုင်သောကြောင့် ဒေသနေမိဘပြည်သူများအနေဖြင့် စစ်ရေး အသိ/သတိအမြဲရှိကြရန်နှင့် စစ်ကြောင်းဝင်ရောက်လာပါက အရေးကြီးစာရွက်စာတမ်းများ၊ တန်ဖိုးကြီးပစ္စည်းများကို လုံခြုံစွာသိမ်းဆည်းပြီး ဘေးလွတ်ကင်းရာနေရာများကို တိမ်းရှောင်ပေး ကြပါရန် တိုက်တွန်းထားသည်။




