ရန်ကုန်၊ ဇွန် ၄
မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူများနှင့် တိုင်းရင်းသားအင်အားစုများတွင် တရားဝင်မှုနှင့် စွမ်းဆောင်နိုင်မှု အပြည့်အဝရှိကြသော်လည်း စုစည်းမှုယန္တရား လိုအပ်ချက်ရှိနေခြင်းကြောင့် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများရရှိရန် ခက်ခဲနေပြီး ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာ ဆာဆာ ဦးဆောင်သော IPFD အဖွဲ့က ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
လွန်ခဲ့သော လများအတွင်း ဒေါက်တာ ဆာဆာ (Dr. Sasa) နှင့် IPFD အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးပါသော အစည်းအဝေးများ၊ ရှင်းလင်းတင်ပြမှုများနှင့် တိုင်ပင်ဆွေးနွေးမှုများကို အရှိန်အဟုန်မပျက် ဆက်တိုက်ဖော်ဆောင်ခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်အထက်လွှတ်တော်အမတ်များနှင့် လွှတ်တော်ရုံးများ၊ ဗြိတိန်ပါလီမန်အမတ်များနှင့် မူဝါဒရေးရာလေ့လာရေးအဖွဲ့များ၊ ကိုးကွယ်ယုံကြည်မှုလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်နှင့် ဘာသာရေးခေါင်းဆောင်များ၊ ပြည်ပရောက် မြန်မာလူထုအသိုင်းအဝိုင်းများ၊ ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များ၊ လူသားချင်းစာနာမှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ စုံလင်စွာ ပါဝင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံအတွက် လက်တွေ့ကျကျ ရှေ့ဆက်သွားမည့် လမ်းစဉ်အတွက် ပိုမိုခိုင်မာပြတ်သားသော ပုံသဏ္ဌာန်တစ်ရပ် ပေါ်ပေါက်လာစေခဲ့ပြီး၊ ထပ်ခါတလဲလဲ ကြုံ တွေ့နေရသည့် အဓိကစိန်ခေါ်မှုများကိုလည်း စနစ်တကျ ဖော်ထုတ်နိုင်ခဲ့သည်ဟု အသိပေးထားသည်။
မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူများနှင့် တိုင်းရင်းသားအင်အားစုများတွင် တရားဝင်မှု၊ စွမ်းဆောင်နိုင်မှု အပြည့်အဝရှိကြသော်လည်း စုစည်းမှုယန္တရား လိုအပ်ချက်ရှိနေခြင်းကြောင့် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများ ရရှိရန် ခက်ခဲစေရုံမျှမက၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စနစ်တကျပေးအပ်ရန် ပိုမိုခက်ခဲစေခြင်းနှင့် နိုင်ငံရေးအရ ယုံကြည်မှုတည်ဆောက်ရန် စိန်ခေါ်မှုများ ဖြစ်စေခြင်းတို့ ရှိနေရဆဲ ဖြစ်သည်ဟု ဆိုသည်။
IPFD အဖွဲ့သည် ထိုသို့သော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်းပေးရန် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
IPFD ၏ အဓိကလုပ်ငန်းစဉ်များအဖြစ် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်အတွက် လက်တွေ့ကျသော လမ်းကြောင်းများကို ဖော်ဆောင်ရန် ပဋိပက္ခဖြေရှင်းရေးနည်းလမ်းများ ရှာဖွေခြင်း၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသန္တရအုပ်ချုပ်ရေးများကို မြှင့်တင်ခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် အရပ်သားပြည်သူများ အကာအကွယ်ပေးရေး ဆောင်ရွက်ခြင်း၊ ပြည်ပရောက် မြန်မာလူထု၏ ကွန်ရက်များနှင့် ပြည်တွင်းဌာနေများ စနစ်တကျ ချိတ်ဆက်ခြင်းနှင့် နိုင်ငံတကာနှင့် လိုအပ်သော ဆက်ဆံရေးကွန်ရက်များ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
လာမည့်ရက်ပိုင်းအတွင်း IPFD ၏ လုပ်ဆောင်မှုများ၊ တွေ့ဆုံမှုများနှင့် လေ့လာသိရှိခဲ့ရမှုများကို ထပ်မံမျှဝေပေးသွားမည်ဖြစ်ပြီး၊ ပြည်ပရောက် မြန်မာလူထုအနေဖြင့် မည်သို့မည်ပုံ ပါဝင်နိုင်မည်ကိုပါ ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။






