ရန်ကုန်၊ ဇွန် ၆
မန္တလေးတိုင်း၊ မလှိုင်မြို့နယ် မြောက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၄ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း လူထုသတင်းကွန်ယက် မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော စစ်လေယာဉ် ၂ စီးဖြင့် မလှိုင်မြို့နယ် မြောက်ခြမ်းရှိ သရက်ကောင်းပင်ကျေးရွာသို့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ လင်မယား ၂ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ မူလတန်းအရွယ် ကလေးငယ် ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၆ လုံး ပျက်စီးခဲ့ရသည်။
မလှိုင်မြို့နယ်အတွင်း ယခုအကြိမ်အပါအဝင် ကျေးရွာ ၅ ရွာထက်မနည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ဖြစ် သည်။ ထို့ပြင် ဇန်နဝါရီလ ၁၉ ရက်နေ့ ညပိုင်းကလည်း မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီးတစ်စီးက မလှိုင်မြို့နယ်မြောက်ဘက်ရှိ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးကြောင်း သိရသည်။
လူထုသတင်းကွန်ယက် မလှိုင်မြို့မှ တာဝန်ရှိသူ “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက် ခိုက်ခဲ့တာပါ။ ဗုံး ၄ လုံးနဲ့ ကျဲချတိုက်ခိုက်သွားတာပါ။ ကျေးရွာတွင်း ၃လုံးပေါက်ကွဲတယ်။ စစ်ခွေးတွေ လေ ကြောင်းတိုက် ခိုက်မှုကြောင့် သရက်ကောင်းပင်ကျေးရွာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ဦးတို့ စုစုပေါင်း ပြည်သူ ၂ ဦးက နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ သရက်ကောင်းပင်ကျေးရွာနေ ကလေးငယ် ၄ ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရှိပါတယ်။ နေအိမ် ၆လုံးပျက်စီးခဲ့ပါတယ်” ဟု ပြောဆိုသည်။
အလားတူ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ၏ ထုတ်ပြန်ချက်အရ မူတြော်ခရိုင် (ဖာပွန်ခရိုင်)၊ လူသောမြို့နယ်၊ ဃဲပါကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင်လည်း စစ်ကောင်စီတပ်က ပြင်းထန်သော လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီမှ ညနေ ၅ နာရီခွဲအတွင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံးအရေအတွက် ၁၁၀ လုံးခန့်ကို ကျေးရွာအတွင်းသို့ ကြဲချတိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး သေဆုံးပြီး အခြားအရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ အရပ်သ ားနေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး အခြားနေအိမ် ၁၆ လုံးလည်း ထိမှန်ပျက်စီးခဲ့သည်။ ထို့ပြင် ကျေးရွာအတွင်းရှိ ဘုရားကျောင်း၊ ဆေးခန်း၊ အလယ်တန်းကျောင်းအဆောင်၊ ခန်းမ၊ ထမင်းစားခန်းနှင့် စာသင်ခန်းများ ပျက်စီးခဲ့ရသည့်အပြင် ဆိုင်ကယ်၊ စက်ဘီး၊ မီးစက်နှင့် စတားလင့် စသည့် ပြည်သူပိုင်ပစ္စည်းအများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။
ထို့အတူ ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ်က အဆိုပါကျေးရွာ အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့ ရက်စက်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် အဆိုပါကျေးရွာနှင့် အနီးနားရှိ ရွာသား များသည် နေအိမ်များတွင် မနေရဲကြတော့ဘဲ ဘေးကင်းလုံခြုံရာ နေရာများသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။






