ရန်ကုန်၊ ဇွန် ၆
အမေရိကန်ပြည်ထောင်စုသို့ တရားဝင်ရွှေ့ပြောင်းအခြေချမည့်သူများအပေါ် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ချမှတ်ထားသည့် ပိတ်ပင်ကန့်သတ်ချက်များကို အမေရိကန်ဖက်ဒရယ်တရားသူကြီးတစ်ဦးက ကန့်ကွက်ပယ်ဖျက်လိုက်သည်။
အမေရိကန်အစိုးရ၏ ယင်းကန့်သတ်ချက်များသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ဝါရှင်တန်ဒီစီတွင် ဖြစ်ပွားခဲ့သည့် အာဖဂန်ရွှေ့ပြောင်းဒုက္ခသည်တစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမေရိကန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင် (National Guard) တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်ကို အကြောင်းပြ၍ ထရမ့်အစိုးရသည် မြန်မာနိုင်ငံအပါအဝင် အာဖရိက၊ အာရှ၊ လက် တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံပေါင်း ၃၉ နိုင်ငံမှ ရွှေ့ပြောင်းလာသူများ၏ ခိုလှုံခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ကတ် (Work Permit)၊ ဂရင်းကတ် (Green Card) နှင့် နိုင်ငံသားလျှောက်ထားမှုများကို ဆိုင်းငံ့ပိတ်ပင်ခဲ့သည်။
ဖက်ဒရယ်ခရိုင်တရားသူကြီး ဂျွန် မက်ကောနယ် (John McConnell) က အမေရိကန် နိုင်ငံသားဖြစ်မှုနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဝန်ဆောင်မှုဌာန (USCIS) ၏ ယခုကဲ့သို့ လျှောက်လွှာများကို ဆိုင်း ငံ့ ပိတ်ပင်သည့် လုပ်ရပ်သည် ဥပဒေနှင့်မညီဘဲ တရားမဝင်ကြောင်း ဇွန်လ ၅ ရက် သောကြာနေ့တွင် အမိန့်ချမှတ်ခဲ့သည်။
တရားသူကြီး မက်ကောနယ်က ယခုကဲ့သို့ လျှောက်လွှာများ ဆိုင်းငံ့ခံရခြင်းမှာ ရွှေ့ပြောင်းအခြေချသူများ၏ အပြစ်ကြောင့်မဟုတ်ဘဲ ၎င်းတို့၏ မွေးရပ်မြေနိုင်ငံကြောင့်သာ ဖြစ်ပြီး၊ ခြောက်လကျော်ကြာလာသည်အထိ အဆိုပါရွှေ့ပြောင်းနေထိုင်သူအများအပြားမှာ အလုပ်အကိုင်နှင့် တရားဝင်နေထိုင်ခွင့် အဆင့်အတန်းမရှိဘဲ အနာဂတ်အတွက် မရေမရာ ကြုံတွေ့နေရကြောင်း ထောက်ပြထားသည်။
ယင်းအပြင် အစိုးရဌာနအနေဖြင့် “အမျိုးသားလုံခြုံရေး” ဟူသည့် အကြောင်းပြချက်ကို အသုံးချကာ ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်လိုသည့် သဘောထားကို ဖုံးကွယ်ထားခြင်းဖြစ်ပြီး၊ ယခုမူဝါဒသည် အကြောင်းပြချက် ခိုင်လုံမှုမရှိကြောင်း ဝေဖန်ခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်သည် ရွေးကောက်ပွဲမဲဆွယ်စဉ်ကတည်းက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ပြည် နှင်ဒဏ်ပေးမည်ဟု ကတိပြုခဲ့သူဖြစ်ပြီး၊ အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင်လည်း တတိယကမ္ဘာနိုင်ငံများမှ ရွှေ့ပြောင်းလာမှုအားလုံးကို အမြဲတမ်း ပိတ်ပင်သွားမည်ဟု ပြောဆိုခဲ့ဖူးသည်။
အဆိုပါဖြစ်စဉ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အာဖဂန်နိုင်ငံသား ရာမန်နူလာ လာကန်ဝေါ (Rahmanullah Lakanwal) သည် ယခင်က အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ ကျောထောက်နောက်ခံပြု တာလီဘန်တိုက်ခိုက်ရေး မိတ်ဖက်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် အမေရိကန်စစ်တပ် အာဖဂန်နစ္စတန်မှ ဆုတ်ခွာစဉ် ပြန်လည်နေရာချထားရေးအစီအစဉ်ဖြင့် အမေရိကန်သို့ ရောက်ရှိလာသူဖြစ်သည်။




