25.7 C
Yangon

မင်းအောင်လှိုင်ကို ဂုဏ်ပြု “ငွေလမင်းကြီး” သီချင်းကို လှောင်ပြောင်မှုဖြင့် တောင်ကြီးမှ မနန်းဧကရီကျော်ကို စစ်တပ်က ဖမ်းဆီး၊ လူမှုကွန်ရက်တွင် တော်လှန်ရေးသတင်းမျှဝေသည့် အသက် ၆၈ နှစ် အဘွားတစ်ဦးလည်း အဖမ်းခံရ

Must read

ရန်ကုန်၊ဇွန် ၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဂုဏ်ပြုဖွဲ့နွဲ့သီဆိုထားသည့် သီချင်းကို လူမှုကွန် ရက်ပေါ်တွင် လှောင်ပြောင်ဝေဖန်ခဲ့သည့် တောင်ကြီးမြို့မှ ဧကရီကျော် (ခ) နန်းဧကရီကျော်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်လိုက်ကြောင်း တောင်ကြီးမြို့ခံများနှင့် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများအရ သိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်ကို အလွန်အကျူးအမွမ်းတင်ထားသည့် “လရောင်အောက်က ကုမုဒြာ” (ခေါ်) ငွေလမင်းကြီးသီချင်းကို တေးရေး သျှန်ထွန်း (မြန်မာစာ) က ရေးသားပြီး တေးသံရှင် မေသက်ထားဆွေက သီဆိုထားခြင်းဖြစ်သည်။

အဆိုပါသီချင်းနှင့် ပတ်သက်၍ စစ်အုပ်စုကို အမြဲတစေ လှောင်ပြောင်လေ့ရှိသော “ကေသီ ဘေဘီ တော်လောက်ပြီ” Facebook စာမျက်နှာ (Page) က “ဆိုရတာ ပါးစပ်ဝမှာ အရှက်ရှိ မရှိတော့မသိဘူး၊ ကြားရတာ နားဝမှာတော့ ရှက်စဖွယ် စကားလုံးတွေပဲ၊ ဒါကြောင့် ကျွန်တွေမှာ အာဏာပါဝါမရှိဘူး၊ သူတို့ကို ခိုင်းတဲ့အတိုင်း လုပ်ပေးရတာ၊ Chee ဆိုလည်း စားကြမှာ၊ Ball ဆိုလဲ မကြရမှာ၊ ဒါဟာ ကျွန်တွေရဲ့ သဘောသဘာဝပဲ”ဟု ရေးသားဖော်ပြခဲ့သည်။

ယင်းသို့ ရေးသားထားသည့် ပို့စ် (Post) အောက်တွင် တောင်ကြီးမြို့တွင် နေထိုင်သူ “Nang Akari” အမည်ရှိ Facebook အကောင့်ပိုင်ရှင် ဧကရီကျော် (ခ) နန်းဧကရီကျော်က “ထဘီတရွတ်တိုက် ဝတ်လည်း ရွံ့တယ်နော်” ဟု ဝင်ရောက်မှတ်ချက် (Comment) ရေးသားခဲ့မှုအပေါ် မှတ်ချက်ရေးသူ ဧကရီကျော်(ခ) နန်းဧကရီကို ဖမ်းဆီးရန် စစ်လော်ဘီများက တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် လှုံ့ဆော်ခဲ့ကြသည်။

ထိုသို့ မှတ်ချက်ရေးသားမှုကြောင့် ဧကရီကျော် (ခ) နန်းဧကရီကျော်ကို တောင်ကြီးမြို့ နယ်မြေခံရဲစခန်းမှ နေ၍ အကြမ်းဖက်စစ်အုပ်စုကို အကြည်ညိုပျက်စေရန် လှုံ့ဆော်မှုဖြင့် ဇွန်လ ၆ ရက် စနညေ့်ညပိုင်းက ဖမ်းဆီးကာ ပုဒ်မ-၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

အလားတူ ပဲခူးမြို့တွင်လည်း လူမှုကွန်ရက်ပေါ်တွင် တော်လှန်ရေးသတင်းများ မျှဝေမှုဖြင့် ဖမ်းဆီးမှုများ ရှိခဲ့သည်။

ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၈ နှစ်အရွယ် “Daw Kyin Soe” Facebook အကောင့်ပိုင်ရှင် ဒေါ်ကျင်စိုးသည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပတ်သက်သည့် ပို့စ်များကို မျှဝေ (Share) ခဲ့သည်။

ထိုသို့ မျှဝေမှုကြောင့် ၎င်းအား ပဲခူးမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားကြောင်း ဇွန်လ ၇ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် “မြန်မာ့အလင်း” သတင်းစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ- မင်းအောင်လှိုင် ဂုဏ်ပြု ငွေလမင်းကြီး သီချင်းကို လှောင်ပြောင်မှုဖြင့် အဖမ်းခံရသူ ဧကရီကျော် (ခ) နန်းဧကရီကျော်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article