ရန်ကုန်၊ ဇွန် ၇
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်အတွင်း တရားမဝင် ခိုးဝင်လာသော မြန်မာအလုပ်သမား ၇ ဦးနှင့် ၎င်းတို့အား သယ် ဆောင်လာသည့် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း အယုဒ္ဓယခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အယုဒ္ဓယခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ (လဝက)၊ အဝေးပြေးရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် မဟာရတ်မြို့မရဲစခန်းတို့ ပူးပေါင်းကာ အယုဒ္ဓယခရိုင်အတွင်း တရားမဝင် လူမှောင်ခိုကူးသည့် လမ်းကြောင်းများနှင့် သံသယရှိယာဉ်များကို ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးစဉ် မဟာရတ်မြို့နယ်၊ ဘန်မိုင်ကျေးရွာအုပ်စုရှိ အာရှအဝေးပြေးလမ်းမကြီး မိုင်တိုင်အမှတ် ၄၄-၄၅ အနီးတွင် သံသယရှိ မော်တော်ယာဉ် ၁ စီးကို တားဆီးစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် တရားဝင်အထောက်အထားတစ်စုံတစ်ရာမရှိသည့် မြန်မာအလုပ်သမား ၇ ဦးကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုင်းအာဏာပိုင်များသည် အလုပ်သမားများကို သယ်ဆောင်လာသည့် အသက် ၃၁ နှစ်အရွယ် ထိုင်းနိုင်ငံသား ယာဉ်မောင်းကိုလည်း မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခဲ့သည်။ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ မြန်မာအလုပ်သမားများသည် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာကြသူများဖြစ်ပြီး၊ ၎င်းတို့သည် အွန်လိုင်းငွေလိမ်ဂိုဏ်း (Scammer Network) များနှင့် ဆက်စပ်မှု ရှိ၊ မရှိကိုပါ အာဏာပိုင်များက ဆက်လက်စစ်ဆေးလျက်ရှိသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူ မြန်မာအလုပ်သမား ၇ ဦးကို “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှု” ဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံသား ယာဉ်မောင်းကို “တရားမဝင် ခိုးဝင်လာသော နိုင်ငံခြားသားများအား နည်းလမ်းမျိုးစုံဖြင့် ကူညီဖုံးကွယ်ပေးမှု”၊ “ခွင့်ပြုချက်မရှိဘဲ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်မှု” စသည့် စွဲချက်များဖြင့်လည်းကောင်း အမှုဖွင့်ထားပြီး ဥပဒေအရ အရေးယူနိုင်ရန် မဟာရတ်မြို့မရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားသည်။
အလားတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ရှိ ဘန်းဟွေဟင်ဖုန် ပူးတွဲလုံခြုံရေးစစ်ဆေးရေးဂိတ်တွင် အခြားသူများ၏ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) များကို ပြသကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသား လူငယ် ၂ ဦးကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးရမိခဲ့သည်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံအတွင်းသို့ ဝင်ထွက်သွားလာသူများကို စစ်ဆေးမှုများ တင်းကြပ်စွာ ဆောင်ရွက်နေစဉ် အသက် ၁၉ နှစ်အရွယ် မြန်မာလူငယ် ၂ ဦးကို စစ်ဆေးရေးဂိတ်၌ တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ စစ်ဆေးရာတွင် ၎င်းတို့၌ ကိုယ်ပိုင်နိုင်ငံကူးလက်မှတ် အစစ်အမှန်မရှိဘဲ အခြားသူများ၏ ပတ်စ်ပို့စာအုပ်များကို အသုံးပြုကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်း ဖမ်းဆီးခံရသူ မြန်မာလူငယ် ၂ ဦးကို ထိုင်းအာဏာပိုင်များက “အခြားသူများ ထိခိုက်နစ်နာစေမည့် နည်းလမ်းဖြင့် အခြားသူများ၏ နိုင်ငံကူးလက်မှတ်ကို မတရားအသုံးပြုမှု”၊ “တရားဝင်ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်မှု” စသည့် ပုဒ်မများဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် မဲဆောက်မြို့မရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရှိရသည်။






