ရန်ကုန်၊ ဇွန် ၈
အကြမ်းဖက် မြန်မာစစ်အုပ်စုက လိမ်လည်လှည့်ဖြားမှုမျိုးစုံကို အသုံးပြု၍ နိုင်ငံတကာ၏ ယုံကြည်မှု ပြန်လည်ရရှိအောင် လုပ်ဆောင်နေသောကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အထူးသတိပြုကြရန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (CTUM) ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ထောက်ပြပြောဆိုလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ရှိသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ရုံးချုပ်တွင် ဇွန်လ ၆ ရက်နေ့က ကျင်းပခဲ့သည့် ၁၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီ လာခံ (ILC) တွင် ၎င်းက ယခုကဲ့သို့ တင်ပြပြောဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်အုပ်စုက အလုပ်သမားအခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် အခြေခံအဆောက်အအုံများကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး၊ နိုင်ငံတကာ၏ ဝေဖန်မှုများကို ရှောင်လွှဲရန်အတွက် ဟန်ပြလုပ်ရပ်များနှင့် လိမ်လည်လှည့်ဖြားနေကြောင်း ဒေါ်ဖြိုးစန္ဒာစိုးက ဆိုသည်။
အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးသည်ဆိုခြင်းမှာ အစကတည်းက မဖမ်းဆီးသင့်သည့်သူများကို ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးခြင်းသာ ဖြစ်သလို၊ ကလေးသူငယ်များကို အတင်းအကြပ် စစ်သားစုဆောင်းပြီးမှ ပြန်လွှတ်ပေးသည်များကိုလည်း ၎င်းတို့၏ တိုးတက်မှုအဖြစ် ကမ္ဘာကြီးက ရှုမြင်လာအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက “အစကတည်းက ဘယ်တော့မှ အဖမ်းမခံရသင့်တဲ့သူတွေကို ဖမ်းပြီးတော့ လွှတ်ပေးတာကို နိုင်ငံတကာက ချီးကျူးသင့်သလား။ အလုပ်သမားသမဂ္ဂသမားတွေကို တရားမဝင် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ တရားစွဲခြင်းနဲ့ ထောင်ချခြင်းခံရတဲ့အခါမှာ ၎င်းတို့ရဲ့ လွတ်မြောက်မှုကို လိုက်နာမှုသက်သေအဖြစ် ကမ္ဘာက ရှုမြင်ဖို့ တောင်းဆိုနေတာဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ထို့ပြင် လွတ်မြောက်လာသူအားလုံးသည် စစ်အုပ်စုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ မပြုလုပ်ရန် ဖိအားပေးကာ ကတိကဝတ်များကို အဓမ္မလက်မှတ်ရေးထိုးခဲ့ရပြီး၊ အများအပြားမှာလည်း အသစ်တဖန် ပြန်လည်ဖမ်းဆီးခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းများ ရှိနေသည့်အတွက် ၎င်းတို့၏ အခွင့်အရေးများကို လွတ်လပ်စွာ အသုံးမချနိုင်သေးကြောင်း ဆိုသည်။
ဖမ်းဆီးခံရသူများကို အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခြင်းမဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတန်ပြန်ရေး ဥပဒေများကို ချိုးဖောက်သဖြင့် ဖြစ်သည်ဟု စစ်အုပ်စုက ကမ္ဘာကို လိမ်ညာနေပါသည်။ သို့သော်လည်း လက်တွေ့တွင်မူ စစ်အုပ်ချုပ်ရေးကို အာခံငြင်းဆန်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် အရပ်ဘက်ဝန်ထမ်း သိန်းနှင့်ချီ ရှိနေပြီး၊ ၎င်းတို့၏ တစ်ခုတည်းသော ပြစ်မှုမှာ စစ်အာဏာရှင်ကို ဒူးမထောက်ခြင်းပင် ဖြစ်သည်။
ယင်းလုပ်ရပ်ကြောင့် လူအများအပြားသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရပြီး၊ ပုန်းအောင်းနေရခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ခံရခြင်းများအပြင် မိသားစုများနှင့် ကွဲကွာကာ ခြိမ်းခြောက်မှုများအောက်၌ ဆက် လက်ရှင်သန်နေရဆဲ ဖြစ်သည်။
ဒေါ်ဖြိုးစန္ဒာစိုးက “အလုပ်သမားများကို အကြောက်တရားမရှိဘဲ စည်းရုံးနိုင်ပါသလား။ အိမ်ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်နိုင်ပါ့မလား။ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ပါသလား။ အများပြည်သူဆိုင်ရာ မူဝါဒကို ဝေဖန်တဲ့အခါ ငါတို့ကို ရန်သူလို့ သတ်မှတ်ခံရခြင်းမရှိဘဲ ဝေဖန်နိုင်ပြီလား။ ပြစ်ဒဏ်ပေးမှာကို ကြောက်စရာမလိုဘဲ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ခြင်းကို ငြင်းဆန်နိုင်ပါသလား။ အလုပ်သမားသမဂ္ဂခေါင်းဆောင်များသည် ဖမ်းဆီးခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် ထောင်သွင်းအကျဉ်းချခြင်းတို့ကို အရဲစွန့်စရာမလိုဘဲ အလုပ် သမားများရဲ့ အခွင့်အရေးအတွက် ထောက်ခံပြောဆိုနိုင်ပါသလား။ ဒီမေးခွန်းတွေအတွက် YES လို့ ဖြေကြားနိုင်တဲ့အထိတိုင်အောင် စုံစမ်းရေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝအကောင်အထည်မဖော်နိုင်သေးပါဘူး”ဟု ထောက်ပြပြောဆိုသည်။
ထို့ပြင် စစ်အုပ်စု၏ လုပ်ရပ်များကို ကတိကဝတ်များ သို့မဟုတ် ဟန်ပြလိုက်လျောမှုများနှင့် မဆန်းစစ်ဘဲ၊ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အလုပ်သမားများ၏ နေ့စဉ်ဘဝနှင့် လွတ်လပ်ခွင့်များအပေါ် လက်တွေ့ကျကျ တိုင်းတာနိုင်သည့် တိုးတက်မှုများနှင့်သာ အကဲဖြတ်ရန်၊ မြန်မာ့အရေးကို ခိုင်ခိုင်မာမာ ဆက်လက်စောင့်ကြည့်လေ့လာပေးရန် အလုပ်သမားညီလာခံသို့ CTUM အနေဖြင့် တိုက်တွန်းနှိုးဆော်ထားသည်။






