ရန်ကုန်၊ ဇွန် ၁၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်များက ပြည်သူပိုင်နေအိမ်များအတွင်းအထိ ကျူးကျော်ဝင်ရောက်ကာ ဓားပြတိုက်မှုများကို ပေါ်တင်ကျူး လွန်နေသဖြင့် ပြည်သူများ နစ်နာဆုံးရှုံးမှု အလွန်များပြားနေကြောင်း ဖားကန့်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်အချိန် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက် ၅ ရှိ နေ အိမ်တစ်အိမ်ကို စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ မင်းဇေသန့်တပ်ဖွဲ့ဝင် ၂ ဦး က သေနတ်ထောက်၍ ဓားပြဝင်တိုက်ခဲ့ရာ ငွေကျပ် သိန်း ၃၀ ကျော် ပါသွားကြောင်း သိရသည်။
ဖားကန့်သတင်းရင်းမြစ်က “လုံးခင်း၊ ရပ်ကွက် ၅ ထဲက နေအိမ်တစ်အိမ်ကို ဝင်ပြီး ဓားပြတိုက်တာ၊ တံခါးဖွင့်မထားတော့ ခြံဝန်းကို ခုန်ကျော်ပြီး ဓားပြတိုက်တာ၊ သေနတ်ပါတယ်။ သိန်း ၃၀ ကျော်ပါ သွားတယ်လို့ သိရတယ်။ အိမ်ရှင်ဘက်ကရော၊ နယ်မြေခံတော်လှန်ရေးဘက်က ရဲဘော်တွေတွေ့တဲ့ အနေအထားမှာတော့ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ မင်းဇေသန့်ရဲ့ လူနှစ်ယောက်လို့ အတည်ပြုတယ်။ ပေါ်တင်ဝင်ပြီး ဓားပြတိုက်တာ”ဟု ပြောဆိုသည်။
ထို့အပြင် ဇွန်လ ၉ ရက် ညဦးပိုင်းကလည်း ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ စာသင် ကျောင်းရှေ့ လမ်း ဆုံအနီးရှိ နေအိမ်တစ်အိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက AD ဗန် (Van) ကားတစ်စင်းဖြင့် ရောက်ရှိလာပြီး သေနတ်များဖြင့် ချိန်ကာ တွေ့သမျှပစ္စည်းများကို မွှေနှောက်ယူဆောင်သွားခဲ့ရာ ကလေး ကျောင်းလွယ်အိတ်များပင် မချန် အပြောင်သိမ်းသွားခဲ့ကြောင်း သိရသည်။
“ဇွန်လ ၉ ရက်နေ့ ညပိုင်းက မှော်စီစာကျေးရွာစာသင်ကျောင်းအနီးက လမ်းဆုံလေးရှိတယ်။ အသီးတွေဘာတွေရောင်းတဲ့ ဆိုင်တန်းလေးရှိတယ်။ အဲဒီရှေ့ကအိမ်မှာ ဓားပြတိုက်တာ၊ ညဦးပိုင်း တံခါးမပိတ်ခင် AD Van ကားနဲ့ အိမ်ခြံဝန်းထဲဝင်လာပြီးတော့ သေနတ်တွေနဲ့ချိန်ပြီး အိမ်ကလူတွေအကုန်ထိုင်ဆိုပြီး တွေ့သမျှပစ္စည်း လှန်လှော၊ အကုန်ရှာဖွေပြီးယူသွားတာ၊ အဲဒီမှာတော့ ငွေကြေးဘယ် လောက်ပါသွားလဲ မသိရဘူး။ ကလေးကျောင်းလွယ်အိတ်တွေကအစ အကုန်ယူပြီး ကားပေါ်တင်သွားတာ။ ဘီရိုတွေဘာတွေမွှေပြီးတော့ အကုန်လုံး မချသွားတာ။”ဟု ဖားကန့်သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် လုံးခင်းကျေးရွာနှင့် မှော်စီစာကျေးရွာတို့တွင် လာရောက်နေရာယူ ထားသည့် နှစ်လကျော်ကာလအတွင်း လမ်းသွားလမ်းလာ ပြည်သူများ၏ ဆိုင်ကယ်၊ ဖုန်း၊ ကျောက် စိမ်းနှင့် ငွေကြေးများကို အတင်းအဓမ္မ ခြိမ်းခြောက်လုယူနေသည့်အပြင် ဈေးဆိုင်များနှင့် ငွေလွှဲဆိုင်များကိုလည်း မကြာခဏ ခြိမ်းခြောက်ကာ ငွေလွှဲခိုင်းနေကြောင်း သိရသည်။
“လမ်းပေါ်တွေမှာလည်း စစ်ဆေးရေးအနေနဲ့ ယူနီဖောင်းတွေဝတ်ပြီး ဆိုင်ကယ်တွေသိမ်းတယ်။ ဖုန်းတွေယူတယ်၊ ပြီးလို့ရှိရင် ကားတွေပေါ်ပါတက်ပြီးတော့ လူရှင်းတဲ့နေရာမောင်း၊ ပြီးရင် ပိုက်ဆံဘယ်လောက်ပေးမလဲ၊ ငွေညှစ်ပြီးတော့ ပြန်လွှတ်တာ၊ ပိုက်ဆံတွေ၊ ဖုန်းတွေသိမ်းတာ အဲလိုမျိုးတွေလုပ်နေကြတာ။ လွန်ခဲ့တဲ့လတွေမှာလည်း ဈေးသွား၊ ဈေးလာတွေကြားထဲမှာ မနက်ခင်းဈေးဝယ်လာကြတဲ့ဆိုင်ကယ်တွေလည်း ဘေးထိုးရပ်ခိုင်း၊ လူတွေအကုန်ပြန်လုပ်တာ၊ ဆိုင်ကယ်အစီး ၃၀ ကျော်လောက်ပါသွားဖူးတယ်။ တချို့ဟာတွေဆိုရင်လည်း သွားရင်းလာရင်းနဲ့ ပါသွားပြန်ပြီ၊ ပါသွားပြန်ပြီဆိုတာက ခဏခဏ ကြားသိနေရတယ်”ဟု ဖားကန့်သတင်းရင်းမြစ်က ပြောဆိုသည်။
ပြည်သူများအနေဖြင့် လမ်းပေါ်တွင် စစ်ဆေးငွေညှစ်ခံရမည်ကို စိုးရိမ်သဖြင့် ငွေသားကိုင်ဆောင်၍ သွားလာခြင်း မလုပ်ကြတော့သည့်အခါတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက နေအိမ်များအတွင်း အထိ ဝင်ရောက်ကာ သေနတ်ဖြင့်ချိန်၍ ဓားပြတိုက်မှုများကို ဆက်လက်ကျူးလွန်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလတစ်လအတွင်း၌ပင် လုံးခင်းနှင့် မှော်စီစာကျေးရွာအတွင်း ဓားပြတိုက်မှု ၁၀ မှုထက်မနည်း ရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီတပ်က ပြည်သူတချို့ကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်သည့်အထိ ရက် စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လုပ်ဆောင်နေသောကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ ပြည်သူများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေကြရသည်။
“ဒီလုံးခင်း၊ မှော်စီစာတစ်ကြောကတော့ လမ်းထောင့်တင်မကဘူး၊ ပြည်သူ့နေအိမ်တွေထဲမှာ သူတို့ (စကစ) နေရာယူထားတယ်။ အဓိက နေရာယူထားတာတော့ ဘုန်းကြီးကျောင်းပေါ့နော်၊ မှော်စီစာ တောင်ပေါ်ကျောင်းမှာလည်း နေရာယူထားတာရှိတယ်၊ ပြီးတော့ မှော်စီစာ – နတ်မဖြစ်လမ်းမကြီးပေါ်က ရခိုင်ရိုးရာရုံးထဲမှာလည်း နေရာယူထားတာရှိတယ်။ တကယ့်နေရာတွေမှာ သူတို့ပဲ နေရာယူထားတာ၊ ဒီတစ်ကြောမှာလှုပ်ရှားနေတာက စကစတွေပဲ၊ မင်းဇေသန့် ဝါရာဇွပ်ကတော့ ဓားပြတိုက် တဲ့နေရာမှာ တော်တော်ကို နာမည်ကြီးနေတယ်။ စစ်တပ်ကလည်း သူတို့မွေးထားတဲ့ဟာဆိုတော့ ဘာလုပ်လုပ် ဒီအတိုင်းပဲ ငြိမ်နေတာ”ဟု ဖားကန့်ဒေသတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော ဖားကန့်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ငြိမ်သက်နေသော် လည်း နှစ်ဖက် စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။




