ရန်ကုန်၊ ဇွန် ၁၁
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အဆောင်အခန်းတစ်ခုတွင် တစ်ဦးတည်း ငှားရမ်းနေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီး မအိမွန်ထွေးမှာ ဓားဒဏ်ရာ ၇ ချက်ဖြင့် ရက်ရက်စက်စက် အသတ်ခံထားရသော ရုပ်အလောင်းကို တွေ့ရှိခဲ့ရ၍ ထိုင်းရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရမိရေး ရှာဖွေနေကြောင်း ထိုင်းသတင်းများအရ သိရသည်။
ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဘန်ကောက်မြို့၊ ဘန်ခွန်ထီယန်ခရိုင်၊ သာခမ်း (Tha Kham) ရပ်ကွက်ရှိ အဆောင်တစ်ခုအတွင်းမှ အနံ့ဆိုးများထွက်ပေါ်နေ၍ အဆောင်ပိုင်ရှင်ဖြစ်သူက သွားရောက်ခေါ်ယူခဲ့သော်လည်း တုံ့ပြန်မှုမရှိခြင်းကြောင့် သာခမ်းမြို့မရဲစခန်းထံသို့ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့၊ မှုခင်းဆရာဝန်များနှင့် သက်ဆိုင်ရာအဖွဲ့များ လာရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက အဆိုပါ အခန်းကို ဖွင့်လှစ်စစ်ဆေးခဲ့ရာ အခန်းအတွင်း သွေးအိုင်ထဲတွင် မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည့် အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုးသမီး မအိမွန်ထွေး ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ ထိုင်းအာဏာပိုင်များ၏ စုံစမ်းချက်များအရ သေဆုံးသူမှာ အဆိုပါအဆောင်၌ တစ်ဦးတည်း နေထိုင်လာသည်မှာ ၂ နှစ်ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။
ထိုင်းရဲတပ်ဖွဲ့၏ ကနဦး ရုပ်အလောင်းစစ်ဆေးချက်များအရ သေဆုံးသူ မအိမွန်ထွေး၏ ခန္ဓာကိုယ်ညာဘက်အခြမ်း၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ထိုးသွင်းဒဏ်ရာ စုစုပေါင်း ၇ ချက် တွေ့ရှိခဲ့ရပြီး ရုပ်အလောင်းမှာ စတင်ပုပ်ပွကာ အနံ့ထွက်နေပြီဖြစ်ပြီး အခန်းအတွင်း၌ သွေးကွက်များနှင့်အတူ ရုန်းကန်တိုက်ခိုက်ထားသည့် အထောက်အထားများ၊ သံသယရှိသူ၏ ခြေရာများကို ရှာဖွေတွေ့ရှိခဲ့သည့်အပြင်၊ ရေချိုးခန်းအတွင်း၌ သံသယရှိသူ ချန်ထားခဲ့သည့် ဖိနပ်တစ်ဖက်နှင့် အမှုအထောက်အထား ဖျက်ဆီးရန် ကြိုးပမ်းထားသည့် သွေးစွန်းနေသော ကြမ်းတိုက်တံတစ်ချောင်းတို့ကိုပါ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆောင်ပိုင်ရှင်၏ ပြောပြချက်အရ မအိမွန်ထွေးသည် တခြားသူများနှင့် သိပ်ပြီးရောရောနှောနှော နေထိုင်လေ့မရှိဘဲ တစ်ဦးတည်း အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး တခါတလေမှ အမျိုးသမီးသူငယ်ချင်းတချို့ လာရောက်လေ့ရှိကြောင်း၊ ပြီးခဲ့သည့် တနင်္ဂနွေနေ့အထိ သူမကို ပုံမှန်အတိုင်း တွေ့ရှိခဲ့ရကြောင်း ပြောဆိုသည်။
ထို့ပြင် သေဆုံးသူသည် ယခင်ကလည်း အခန်းအတွင်း ဖောက်ထွင်းခိုးယူခံရသည့် ဖြစ်စဉ်များ အကြိမ် ကြိမ် ကြုံတွေ့ခဲ့ဖူးပြီး ပထမအကြိမ်တွင် ဘတ် ၅,၀၀၀ ခန့်၊ ဒုတိယအကြိမ်တွင် ဘတ် ၃,၀၀၀ မှ ၄,၀၀၀ ခန့် ခိုးယူခံခဲ့ရဖူးကာ ယခု အသတ်ခံရသည့် နောက်ဆုံးဖြစ်စဉ်တွင်လည်း သူမ၏ လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေသားတချို့ ထပ်မံပျောက်ဆုံးသွားကြောင်း၊ ပတ်ဝန်းကျင် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ မအိမွန်ထွေးကို ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် နောက်ဆုံးအကြိမ် အသက်ရှင်လျက် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
လက်ရှိချိန်တွင် ထိုင်းရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အဆောင်ပတ်ဝန်းကျင်ရှိ CCTV လုံခြုံရေးကင်မရာမှတ်တမ်းများကို လိုက်လံစစ်ဆေးခြင်း၊ အနီးပတ်ဝန်းကျင်ရှိ သက်သေများကို ခေါ်ယူစစ်ဆေးမေးမြန်းခြင်းနှင့် မှုခင်းအထောက်အထားများ စုဆောင်းခြင်းတို့ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။





