25.2 C
Yangon

မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်ဖြင့် တစ်နိုင်ငံလုံး လမ်းဘေးစျေးသည်များ ရှင်းလင်းရေး စီမံချက် လုပ်ဆောင်ခဲ့သော်လည်း တရုတ်ကို ကြောက်၍ ရန်ကုန်၊ လသာ ၁၉ လမ်း တရုတ်တန်းကို အထူးအခွင့်အရေးဖြင့် ပြန်လည် ဖွင့်လှစ်ပေးရ

Must read

ရန်ကုန်၊ ဇွန် ၁၂

ရန်ကုန်မြို့၊ လသာမြို့နယ်အတွင်းရှိ တရုတ်တန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရက် ၁၀၀ လမ်းဘေး စျေးသည်များ ရှင်းလင်းရေး စီမံချက်ဖြင့် မေလ ၂၅ ရက်နေ့မှစတင်၍ ပိတ်ပင်ရှင်းလင်းခဲ့သော်လည်း ၁၅ ရက်အကြာ ဇွန်လ ၉ ရက်နေ့တွင် တရုတ်မီးပုံးများချိတ်ဆွဲကာ နှစ်သစ်ကူးပွဲတော်အလား ခမ်းခမ်းနားနား ပြန်လည်ဖွင့်လှစ်ပေးလိုက်ရသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် တစ်နိုင်ငံလုံးတွင် ရက် ၁၀၀ စီမံချက်ဖြင့် လမ်းပေါ်ဆိုင်ခင်းရောင်းချခွင့်များကို တင်းကျပ်စွာ ပိတ်ပင်ထားဆဲဖြစ်သော်လည်း တရုတ်ကို ကြောက်၍ ရန်ကုန်၊ လသာမြို့နယ်၊ တရုတ်တန်း ၁၉ လမ်းရှိ လမ်းဘေးစားသောက်ဆိုင်များကိုမူ အထူးအခွင့်အရေးအနေဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် လသာ တရုတ်တန်း ၁၉ လမ်းညစျေးတန်းကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်ဖွင့်လှစ်ပေးသည့်အပြင် စစ်တပ်ဦးပိုင်၏ မြန်မာဘီယာကို အသွင်ပြောင်းထားသည့် Keen ဘီယာအမှတ်တံဆိပ်ကပါ စပွန်ဆာပေး၍ လှလှပပ ပြင်ဆင်ပေးထားသည်။

ဧပြီလ ၁၀ ရက်နေ့ သမ္မတ ရာထူး အတင်းအကျပ် ရယူပြီးနောက် မင်းအောင် လှိုင်က ရန်ကုန်သို့လာရောက်စဉ် “လမ်းဘေးစျေးသည်များ မမြင်ချင်ဘူး” ဟု အမိန့်ပေးခဲ့ခြင်းကြောင့် ရန်ကုန်မြို့တစ်မြို့လုံး လမ်းဘေးစျေးသည်များ ရှင်း လင်းရေးလုပ်ဆောင်ရာတွင် တရုတ်တန်း ၁၉ လမ်းလည်း အပါအဝင်ဖြစ်ခဲ့သည်။

ထိုသို့ ပိတ်ပင်ခံရသည့်အတွက် တရုတ်တန်းရှိ တရုတ်စျေးသည်များက ၎င်းတို့၏ စားဝတ်နေရေးအတွက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးသို့ သွားရောက်တိုင် ကြားခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံတကာတွင် တရုတ်တန်းရှိသော်လည်း မြန်မာပြည်တွင် တရုတ်တန်း ဖျောက်ဖျက်ခံရတော့မည်ဟု တိုင်တန်းမှုများကြောင့် နေပြည်တော်နှင့် ရန်ကုန်ရှိ အာဏာပိုင်များထံသို့ တရုတ်သံရုံးက တရားဝင်မေးမြန်းစုံစမ်းမှုများ လုပ် ဆောင်လာချိန်တွင် မင်းအောင်လှိုင်တို့က တရုတ်တန်းကို ပြန်လည် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြန်မာပြည်ဖွား တရုတ်စီးပွားရေးလုပ်ငန်းရှင်တချို့ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်အခြေစိုက် တရုတ်သံရုံး၏ မေးမြန်းဖိအားပေးလာမှုကြောင့် စစ်တပ်က ၁၉ လမ်းကို ချွင်းချက်အနေဖြင့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ရခြင်း ဖြစ်သော်လည်း မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်ဖြင့် လမ်းဘေးစျေးသည် ရှင်းလင်းရေး စီမံချက်မှာ ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရှိရသည်။

လက်ရှိတွင် တရုတ်တန်း ၁၉ လမ်း၌ မူလဆိုင်ခန်းဖွင့်ထားသည့် တရုတ်စျေးသည်များမှလွဲ၍ ပြင်ပမှ လမ်းဘေးစျေးသည်များ ဝင်ရောက်ရောင်းချခွင့်ကိုမူ ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်သည်။

မြန်မာပြည်သူအများစုဖြစ်သည့် အခြားလမ်းဘေးစျေးသည်များမှာမူ မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်ကြောင့် တစ်နိုင်ငံလုံးတွင် လမ်းဘေး၌ စျေးရောင်းချခွင့် လုံးဝမရရှိဘဲ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- တရုတ်နှစ်သစ်ကူး တက်ရောက်ခဲ့သော မင်းအောင်လှိုင်၊ မိန်းမ ကြူကြူလှ နှင့် ရန်ကုန်၊ လသာ ၁၉ လမ်း တရုတ်တန်းကို ဇွန်လ ၉ ရက်နေ့ ပြန်လ ည် ဖွင့်လှစ်ပွဲ အခမ်းအနားပုံများဖြစ်ပါသည်။

epa10420757 Myanmar military chief Senior General Min Aung Hlaing (C) and Chinese ambassador to Myanmar Chen Hai (L) arrive to the opening ceremony of the Chinese new year celebration at the Thuwanna Indoor Stadium, in Yangon, Myanmar, 21 January 2023. The Chinese lunar new year, also called ‘Spring Festival’, falls on 22 January 2023, marking the beginning of the Year of the Rabbit. EPA-EFE/NYEIN CHAN NAING
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article