ရန်ကုန်၊ ဇွန် ၁၂
အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချရန် အကြောင်းပြချက်ဖြင့် ပြည်တွင်းတွင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းမှအပ ကျန်သွင်းကုန်များအားလုံး တင်သွင်းခွင့် ပိတ်ပင်လိုက်ပြီး ယခင်က သွင်းကုန်လိုင်စင် မလိုအပ်သော အထည်ချုပ် CMP ကုန်ကြမ်းများ တင်သွင်းမှုကိုပါ သွင်းကုန်လိုင်စင်လျှောက်ထားရန် မင်းအောင်လှိုင်က အမိန့်ထုတ်လိုက်ကြောင်း UMFCCI မှ စီးပွားရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ပြည်တွင်းတွင် လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံများ၊ အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ အထည် ကုန်ကြမ်းများ တင်သွင်းရာတွင် ကုန်ကြမ်းများ ဆိပ်ကမ်းသို့ မရောက်ရှိမီ CMP သွင်း ကုန်လိုင်စင်များကို ကြိုတင်လျှောက်ထားကြရန် ဇွန်လ ၈ ရက်စွဲဖြင့် စစ်ကောင်စီက အရေးကြီးသတိပေးချက်တစ်ရပ် ထုတ်ပြန်သည်။
“CMP အထည်ချုပ်ကုန်ကြမ်းတွေက ပြည်တွင်းက ဒေါ်လာကို သုံးပြီး ဝယ်တာလည်းမဟုတ်ဘူး။ အဲဒါကို သွင်းကုန်လိုင်စင်မပါရင် သွင်းခွင့်မပေးဘူးဆိုပြီး တင်းကျပ်တာ။ အထည်ချုပ်ကုန်ကြမ်းတွေက ဟိုဘက်ကုမ္ပဏီတွေက ပြည်တွင်းကို ပို့တယ်။ ပြည်တွင်းမှာ ပြန်ချုပ်ပြီး ကုန်ချောကို ပြန်ပို့တာ။ စက် ရုံတွေက လက်ခပဲစားတာ။ ပြည်တွင်းက ဒေါ်လာကို လုံး၀ကို မသုံးတာ။ အဲဒါကိုပဲ သွင်းကုန်လိုင်စင် မပါလို့ မရဘူးဆိုပြီး လုပ်လာတာ” ဟု UMFCCI မှ စီးပွားရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အထည်ချုပ် CMP သွင်းကုန်လိုင်စင်တစ်ခုရရှိရန် ခန့်မှန်းခြေအားဖြင့် နှစ်ပတ် (၁၄ ရက်) ခန့် ကြာမြင့်တတ်သောကြောင့် အထည်ချုပ်လုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးနှင့် သွင်းကုန်လုပ် ငန်းစဉ်များ ကြန့်ကြာမှုမရှိဘဲ အဆင်ပြေချောမွေ့စေရန်အတွက် စက်ရုံများအနေ ဖြင့် အချိန်ဇယားကို သေချာစွာ တွက်ချက်ပြင်ဆင်ထားရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းကလည်း သတိပေးချက် ထုတ်ပြန်သည်။
အထည်ချုပ် CMP သွင်းကုန်လိုင်စင်များ လျှောက်ထားရာတွင် အကြမ်းဖက် စစ်ကောင်စီက စည်းမျဉ်းစည်းကမ်းများကို တိ ကျစွာ လိုက်နာရမည်ဖြစ်ပြီး၊ ကုန်ကြမ်းများ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်ကာလကို ခန့်မှန်းတွက်ချက်၍ CMP သွင်းကုန်လိုင်စင်ကို လျှောက် ထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် အင်ဗွိုက်စ် (Invoices) နှင့် အရောင်းအဝယ် စာချုပ်များတွင် ဖော်ပြထားသည့် CIF တန်ဖိုး၊ အထည် အလိပ် အရေအတွက်နှင့် CMP-FOB တန်ဖိုးများ လွဲမှားမှုမရှိစေရန်၊ HS Code ကိုက်ညီမှုရှိစေရန်နှင့် ကုန်ကြမ်းများနှင့် ကုန်ချောများ၏ သက်ဆိုင်ရာ တန်ဖိုးများ မှန်ကန်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်က ပြည်တွင်းတွင် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများမှအပ အခြားသွင်းကုန်များကို လိုင်စင်ချထားမပေးရန် ပိတ်ပင်ထားကြောင်း၊ အဓိကအားဖြင့် နိုင်ငံခြားငွေချွေတာရေး စီမံချက်ဖြစ်ကြောင်း၊ မင်းအောင်လှိုင်၏ သွင်းကုန်ထိန်းချုပ်ရေး စီမံချက်ကြောင့် စက်သုံးဆီ တင်သွင်းမှုများကိုပါ လျှော့ချလိုက်ပြီး ယခုဇွန်လအတွင်းမှစတင်၍ ဆီခွဲတမ်းများကိုပါ လျှော့ချလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
“နိုင်ငံခြားငွေချွေတာရေးနဲ့ သွင်းကုန်ထိန်းချုပ်ရေး ရက် ၁၀၀ စီမံချက်အရ စက်သုံးဆီ တင်သွင်းမှုလည်း လျှော့တယ်။ ဆီခွဲတမ်းတွေလည်း လျှော့ချတယ်။ အခု Normal PO 23 ကနေစပြီး ဆီခွဲတမ်းတွေ လျှော့ပါတယ်။ ဆိုင်တွေအားလုံးပေါ့။ အင်ပိုတာတွေနဲ့ BOC ၊ Denko တို့လို အင်ပိုတာဆိုင်တွေ ကတော့ အခွင့်ထူးခံရနေတုန်းပဲ။ ဆီခွဲတမ်းတွေကို QR Scan အလိုက် ချထားပေးတာတွေလည်းရှိတယ်။ ပြောရရင်တော့ နိုင်ငံခြားငွေ ချွေတာရေး စီမံချက်အောက်မှာ ဆီဆိုင်တွေနဲ့ စက်သုံးဆီကဏ္ဍလည်း အတော်ကို ထိနေတယ်” ဟု စက်သုံးဆီတင်သွင်းရောင်းဝယ်ဖြန့်ဖြူးရေးအသင်းမှ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်ဖြင့် ထိုင်းနယ်စပ်နှင့် တရုတ်နယ်စပ်မှ ဝင်ရောက်လာသော သွင်းကုန်များကိုလည်း နိုင်ငံခြားသုံးငွေ ချွေတာရေး အကြောင်းပြ၍ ဖမ်းဆီးခိုင်းနေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရှိရသည်။




