ရန်ကုန်၊ ဇွန် ၁၂
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စားပွဲထိုးမြန်မာအမျိုးသမီးကို ဦးခေါင်းမှစတင်၍ တစ်ကိုယ်လုံး အပိုင်းပိုင်းဖြတ်သတ်ပြီး ခင်ပွန်းဖြစ်သူ မြန်မာအမျိုးသား စားဖိုမှူးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တိုက်ခန်း တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် ရက်စက်စွာ သတ်ဖြတ်ခံရပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပလတ် စတစ်သေတ္တာအတွင်း ထည့်သွင်းဖျောက်ဖျက်ကြောင်း၊ ရဲတပ်ဖွဲ့၏ စီစီတီဗွီ (CCTV) မှတ် တမ်းများအရ လူသတ်မှုအတွက် သံသယရှိသူ လင်ယောက်ျားဖြစ်သူ မြန်မာနိုင်ငံသား စားဖိုမှူးမှာ အထုပ်အပိုးကြီးဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ယနေ့ မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့၊ ဒင်းဒန်း Din Daeng ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရာ့ချ်ပရာရော့ (Rajprarop) လမ်းသွယ် ၁ ရှိ တိုက်ခန်းတစ်ခုအတွင်း လူသတ်ကာ အပိုင်းပိုင်းဖြတ်၍ သေတ္တာထဲထည့်ထားကြောင်း သတင်း တိုင်ကြားချက်အရ အခင်းဖြစ်ပွားရာအခန်းသို့ မှုခင်းဆရာဝန်များ၊ သက် ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြသည်။
ထိုင်းရဲတပ်ဖွဲ့ဝင်များ အခန်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားထားသည့် အထောက် အထားများကို တွေ့ရှိရပြီး အခန်းထဲတွင် အပုပ်နံ့များ အလွန်ပြင်းထန်စွာ ထွက်နေကြောင်း၊ အခန်းနောက်ဘက် ဝရန်တာအနက်ရောင် ပလတ်စတစ်သေတ္တာအကြီးကြီးတွင် အပိုင်းပိုင်းဖြတ်ထားသော အမျိုးသမီးအလောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။
အဆိုပါ သေတ္တာအတွင်း လူခန္ဓာကိုယ် အစိတ်အပိုင်းများကို တွေ့ရှိခဲ့ရကြောင်း၊ သေဆုံးသူအမျိုးသမီး၏ ဦးခေါင်း၊ ပုခုံးဆစ်မှ လက်မောင်းနှစ်ဖက်နှင့် ဒူးဆစ်မှ ခြေထောက်နှစ်ဖက်စလုံးကို ဖြတ်တောက်ထားသည့်အပြင်၊ ပေါင်နှစ်ဖက်ကိုလည်း ဖြတ်တောက်ရန် ကြိုးစားထားသည့် ဓားဒဏ်ရာကြီးများကို တွေ့ရှိရသည်။
ထို့ပြင် ဝမ်းဗိုက်ကိုလည်း လှီးဖြတ်ထားပြီး သေဆုံးသည်မှာ ရက်အတော်ကြာပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပျောက်ဆုံးနေသော အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေဆဲ ဖြစ်သည်။
ကနဦး စုံစမ်းစစ်ဆေးမှုများအရ သေဆုံးသူမှာ ဘန်ကောက်မြို့ Khlong Toei ရှိ စားသောက်ဆိုင်တစ်ခုတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသူ အသက် ၃၄ နှစ်အရွယ် မအေးအေးနွဲ့ ဖြစ်ကြောင်း ၊ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်ကာ ဆေးဘက်ဆိုင်ရာ အထောက်အထား (DNA) များကို ထပ်မံစစ်ဆေးအတည်ပြုရဦးမည် ဖြစ်ကြောင်း သိရှိရသည်။
ကျူးလွန်သူဟု သံသယရှိခြင်း ခံထားရသူမှာ သေဆုံးသူ၏ လင်ယောက်ျားဖြစ်ပြီး ပေချာဘူရီ Phetchaburi လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် စားဖိုမှူး အဖြစ် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား မောင်အောင်ပြည့် ဆိုသူ ဖြစ်ကြောင်း သိရှိရသည်။
CCTV ကင်မရာမှတ်တမ်းများအရ ၎င်းသည် အခင်းဖြစ်ပွားပြီးနောက် ခရီးဆောင်အိတ်အကြီးကြီးတစ်ခုကို ဆွဲကာ တိုက်ခန်းအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားသည်ကို အထင်အရှား တွေ့မြင်ခဲ့ရသည်။
ယင်းအမှုမှာ သေဆုံးသူ မအေးအေးနွဲ့နှင့် ရက်အတော်ကြာ ဖုန်းအဆက် အသွယ်မရသဖြင့် စိတ်ပူနေသော ဆွေမျိုးဖြစ်သူ မြန်မာနိုင်ငံသား မောင်အောင်မျိုးဝင်းက ဒင်းဒန်း ရဲစခန်းသို့ သွားရောက်တိုင်ကြားကာ အကူအညီတောင်းခံရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များက ဆွေမျိုးဖြစ်သူ၊ တိုက်ခန်းပိုင်ရှင်တို့နှင့်အတူ လိုက်လံဖွင့်လှစ်ကြည့်ရှုရာမှ ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လူသတ်မှုကို စုံစမ်းဖော် ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့၏ ကနဦးသုံးသပ်ချက်အရ ယခုကဲ့သို့ ရက်ရက်စက်စက် သတ် ဖြတ်ရခြင်းမှာ အိမ် ထောင်ရေး ဖောက်ပြန်မှု သို့မဟုတ် အချစ်ရေးအပေါ် သဝန်တို (စိတ္တဇအလွန်အကျွံဖြစ်မှု) တို့ကြောင့် ဖြစ်နိုင်ကြောင်း ယူဆထားပြီး၊ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ မောင်အောင်ပြည့်ကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်းရှာဖွေလျက်ရှိသည်။






