25.8 C
Yangon

နွားထိုးကြီးနှင့် ဆားလင်းကြီးတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ အောင်လံတွင်လည်း ဝါဂိုထောင်ကင်းပုန်းကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၁၃

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း အောင်လံ မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် စစ်ဆေးရေးဂိတ်များ၊ ကင်းပုန်းများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သက်ဆိုင်ရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကံနောင်ရွာစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းမှ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၇ ရက်နေ့က နွားထိုးကြီးမြို့မှ စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီစစ်ကြောင်းအား နွားထိုးကြီးမြို့နယ် အရှေ့တောင်ခြမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေရာတွင်တင် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူများကို နွားထိုးကြီးမြို့ဘက်သို့ ပြန်လည်သယ်ဆောင်သွားခဲ့သည်။

ထို့ပြင် ဇွန်လ ၁၂ ရက်နေ့တွင်လည်း မြင်းခြံ-နွားထိုးကြီး ကားလမ်းပေါ်ရှိ အင်အား ၃၀ ဝန်းကျင်ရှိသော ကံနောင်ကျေးရွာ စစ်တပ်စစ်ဆေးရေးဂိတ်ကို မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ထပ်မံသေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း မြင်းခြံနှင့် နွားထိုးကြီးမြို့များမှ စစ်ကူတပ်များ အင်အားသုံးရောက်ရှိလာသဖြင့် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး၊ သေဆုံးဒဏ်ရာရသူများကို မြင်းခြံမြို့မှ နာရေးကူညီမှုယာဉ် ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းမှ ကိုဝမ်းတူးက “စစ်ခွေး သေဆုံးတာ နေရာမှာတင် စစ်ခွေး ၃ ဦးသေဆုံးတယ်လို့သိရတယ်။ စစ်ခွေး နောက်ထပ်သေဆုံးတာက စစ်ခွေး ၁ကောင်သေဆုံးတယ်လို့သိရတယ်။ စစ်ခွေးဘက်က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ စစ်ခွေး သေဆုံးတာ စုစုပေါင်း ၄ ဦးသေဆုံးတယ်လို့ သိရတယ်။ ကံနောင်ဂိတ်က စစ်ခွေးတွေနဲ့ နှစ်ဘက် ထိတွေ့တိုက်ပွဲက ၁နာရီဘဲဖြစ်လိုက်တယ်။ ကျွန်တော် ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၇၊ ၈၊ ၁၀) တပ်ရင်းများ၊ နွားထိုးကြီးမြို့နယ် ပကဖနှင့် မြင်းခြံခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ယမ်စီဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းအလုံးရေအမြောက်အမြားဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားကြောင်း Black Shadow – PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန်လ ၄ ရက်နေ့တွင် ယမ်စီဝမ်ပေါင်မှ ယင်းမာပင်မြို့နယ်ထဲသို့ ထွက်ခွာလာသော အင်အား ၅၀၀ ခန့်ရှိ စစ်ကြောင်းနှင့် ယင်းမာပင်မြို့နယ်ထဲမှ ပြန်ထွက်လာသော အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်းနှစ်ကြောင်းလုံးကို တယ်ပင်ကန်ကျေးရွာ အနောက်ဘက်နှင့် ယင်းမာပင်မြို့ပေါ်မရောက်ခင်ကြားတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းအမြောက်အမြားဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Black Shadow – PDF အဖွဲ့မှ တာဝန်ရှိသူက “၅၈ ကောင်တော့ ပွဲချင်းပြီးလို့ ကြားတယ်။ စစ်ခွေး စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့နေရာက တယ်ပင်ကန်ကျေးရွာ အနောက်ဘက်နှင့် ယင်းမာမြို့ပေါ်မရောက်ခင်ကြားတွင် ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာက မိုင်းအလုံးရေများတယ်” ဟု ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ တပ်ခွဲ ၂ (Black Shadow PDF)၊ တော်လှန်ပြောက် ကျားတပ်ဖွဲ့၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်အမှတ် ၁၆ တပ်ရင်း တပ်ခွဲ ၁၊ Brother Defense Force၊ မဲမှောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နယ်စည်းမခြားဇာမဏီပြောက် ကျားတပ်ဖွဲ့၊ အာဠာဝတပ်ဖွဲ့၊ ဆားလင်းကြီးမြို့နယ်လက်ရုံးတပ်နှင့် မဟာမိတ်တပ်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

ထို့အတူ မကွေးတိုင်း၊ အောင်လံမြို့ရှိ စစ်တပ်လက်အောက်ခံ သီးနှံစိုက်ပျိုးရေးဌာန၊ ဝါဂိုထောင်၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၅ ရက် ည ၁၀ နာရီ ၃၆ မိနစ်ခန့်တွင် အောင်လံမြို့ ဝါဂိုထောင်အတွင်း၌ အင်အား ၁၀ ဦးခန့်ဖြင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို ၄၀ မမ ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှလည်း ၄၀ မမ ဗုံးများ၊ လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသန်းပစ်ခတ်မှုများ ရှိခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုမူ အတည်မပြုနိုင်သေးပေ။

သရက်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက “ပစ်မှတ်တော့ ထိမထိကတော့ သေချာပြောလို့မရဘူး။ ၄၀ မမ ဗုံး ၂ လုံး ပစ်ခဲ့တာပါ။ မြို့ထဲဆိုတော့ နီးရာလုပ်ရတာပါ။ ကင်းပုန်းပါ။ ခန့်မှန်း ၁၀ ဦးလောက်တော့ရှိမယ်။ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ ၄၀ မမ ဗုံးတွေနဲ့ ပြန်ပစ်တယ်” ဟု ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၂ တပ်ရင်း၏ မြို့ပြလူကြီးလူကောင်းအဖွဲ့သားများက “Wild Dog Mission 2” အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအရ ယခုမှ ထုတ်ပြန်ရခြင်းဖြစ် ကြောင်း၊ ရှေ့တွင် မြို့ပြမစ်ရှင်များကို ခပ်စိပ်စိပ်လုပ်ဆောင်တော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများနှင့် ဝေးဝေးနေထိုင်ပေးကြပါရန် တောင်းဆိုထားသည်။

ဓာတ်ပုံ- အညာဒေသတွင် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article