26.4 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ ဇွန်လ ၁၉ ရက်နေ့တွင် “နှင်းဆီလှုပ်ရှားမှု” အဖြစ် နိုင်ငံလုံးဆိုင်ရာနှင့် နိုင်ငံတကာလှုပ်ရှားမှုအဖြစ် တစ်ခဲနက်ဆင်နွှဲမည်ဟု ကြေညာ

Must read

ရန်ကုန်၊ ဇွန် ၁၅

စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်များကို တန်ပြန်ပံ့ပိုးပေးရန်နှင့် နိုင်ငံရေးအကျဉ်း သားများအားလုံး ရုန်းထွက်လွတ်မြောက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်မည့် “နိုင်ငံတကာလှုပ်ရှားမှု – ROSE Movement: Roses of Hope” သို့မဟုတ် နှင်းဆီလှုပ်ရှားမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်သော လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် တစ်ခဲနက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ လှုပ်ရှားမှုကြီးသည် ၂၀၂၆ ခုနှစ်၏ ပထမဦးဆုံးသော နိုင်ငံလုံးဆိုင်ရာ လူထုလှုပ် ရှားမှုကြီးဖြစ်ပြီး အွန်လိုင်းနှင့် မြေပြင်အပြင် မိမိဒေသနှင့် ရန်သူ့ဒေသပါမကျန် အသွင်သဏ္ဌာန်မျိုးစုံဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကာ မဏ္ဍိုင်လှုပ်ရှားမှုကို “Proof of Life” ကမ်ပိန်းနှင့်လည်း အတူပူးတွဲ၍ လှုပ်ရှားစည်းရုံးသွားမည် ဖြစ်သည်။

ယခုလှုပ်ရှားမှု၏ ကြွေးကြော်သံအဖြစ် “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ဟု သတ်မှတ်ထားပြီး ပြည်သူလူထုအနေဖြင့် ဇွန်လ ၁၉ ရက်နေ့တွင် မိမိတို့ သက်ဆိုင်ရာဒေသ၏ လုံခြုံရေးအခြေအနေများအရ သင့်လျော်မည့် နည်းလမ်းများဖြင့် ပါဝင်လှုပ်ရှားနိုင်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ပါဝင်နိုင်မည့်ပုံစံများမှာ နှင်းဆီပန်းများ သို့မဟုတ် လက်လှမ်းမီရာ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်းဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံများ တင်ပြခြင်းနှင့် မြေပြင်လူထုသပိတ်လှုပ်ရှားမှုများတွင် ကိုင်ဆောင်ဆန္ဒပြခြင်းတို့ ဖြစ်ပြီး အဆိုပါနှင်းဆီလှုပ်ရှားမှုကြီးတွင် ပြည်တွင်းပြည်ပ ပြည်သူတစ်ရပ်လုံး အင်တိုက်အားတိုက် ပါဝင်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

ယင်းလှုပ်ရှားမှုမှတစ်ဆင့် လူထုခေါင်းဆောင် အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန်၊ အဓမ္မစစ်မှုထမ်းဥပဒေကို ချက်ချင်းဖျက်သိမ်းရန်နှင့် မြန်မာပြည်၏ သမ္မတသည် ဦးဝင်းမြင့် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုဖော်ပြရန်ဟူသော လူထု၏ ကြေညာချက် ၃ ရပ်ကို လူထုအသံအဖြစ် ဖော်ထုတ်ပြသသွားမည် ဖြစ်သည်။

စစ်အုပ်စုက နိုင်ငံတကာနှင့် ဒေသတွင်း ဖိအားများကြောင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကို အကျပ်ရိုက်လျက်ရှိသော်လည်း အလုံးစုံလွတ်ငြိမ်းခွင့်ပေးရန် မရဲဘဲ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ပြောင်းခြင်း၊ သမ္မတဦးဝင်းမြင့်ကို စောင့်ကြည့်ထိန်းချုပ်ခြင်းတို့ဖြင့် လှည့်စားနေပြီး နိုင်ငံရေးအကျဉ်းသားများကို အလုံးစုံလွတ်ငြိမ်းချမ်းသာခွင့် မပေးဘဲ နိုင်ငံရေးစားပွဲခုံများအဖြစ် အသုံးချကစားနေကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

တစ်ဖက်တွင်လည်း စစ်အုပ်စုက တရားဝင်မှုနှင့် တည်ငြိမ်မှုရရှိရန် ဟန်ဆောင်နေသော်လည်း လက်တွေ့တွင် အကျဉ်းပျက်ချစားမှုများ၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုများနှင့်အတူ ပြည်သူကို ဥပဒေမဲ့ ဖိနှိပ်ခေါင်းပုံဖြတ်လျက်ရှိပြီး၊ စစ်အင်အားပြန်လည်ဖြည့်တင်းရန်အတွက် မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် လူငယ်၊ လူရွယ်များအား ရုတ်ရက်ဆင်းဖမ်းကာ အဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ ပြည်သူစစ် (ပသ) အဖြစ် ရှေ့တန်းတွင် အသေခံခိုင်းခြင်းများကို ပြုလုပ်နေသည်။

စစ်တပ်က စစ်အာဏာသက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းနေသောကြောင့် အတွင်းမီး၊ အပြင်မီး ဝိုင်းနေသည့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲလွန် အရပ်သားစစ်တစ်ပိုင်းအာဏာရှင် တည်ဆောက်ရေး ကြိုးပမ်းမှုများနှင့် ဟန်ပြနိုင်ငံရေးခြေလှမ်းများကို ရိုက်ချိုးရန်အတွက် အခုလို လှုပ်ရှားမှုကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါလှုပ်ရှားမှုကို နွေဦးတော်လှန်ရေး၏ ပြည်တွင်း၊ ပြည်ပ လှုပ်ရှားမှုများတွင် ပါဝင်နေကြသည့် သပိတ်အင်အားစုများ၊ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားအစုအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများကို စုစည်းထားသည့် လှုပ်ရှားမှုကြီးပြလက်မောင်းတစ်ခုဖြစ်သော People Movement Platform က ဦးဆောင်ဖော်ဆောင်ခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့အနေဖြင့် People Survey၊ Silent Strike၊ Comment Campaign နှင့် Profile Campaign စသည့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု (Anti-Sham Election Campaign) များကို အတူတကွ အောင်မြင်စွာ ဖော်ဆောင်ခဲ့ကြပြီးဖြစ်ကာ ယခုအခါတွင်လည်း အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် နောက်ထပ်လှုပ်ရှားမှုများကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့် အကာအကွယ်စနစ် အပြည့်အဝရရှိစေရေးဆိုသော တူညီသည့် ရည်မှန်းချက်ဖြင့် ပြည်တွင်းနှင့် ပြည်ပလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ပေါင်းစပ်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အင်အားစုများကတ ရားဝင် ထုတ်ပြန်ကြေညာသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article