ရန်ကုန်၊ ဇွန် ၁၆
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းအနီးရှိ ကျေးရွာ ၅ ခုကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၃၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၅ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်မှ စတင်ပြီး ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းရှိ ကျေးရွာ ၅ ခုကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း သိရသည်။
“မနေ့က ည ၈ နာရီကျော်လောက်ကစပြီးတော့ စစ်တောင်းမြစ်ဝှမ်းနားက ရွာ ၅ ခုကို စစ်ခွေးတွေက Y-12 လေယာဉ်နဲ့ ဗုံး ၃၀ ကျော်ကျဲချ တိုက်ခိုက်သွားတယ်။ ကျေးရွာ ၅ ခုက ပြည်သူတွေလည်း တိမ်းရှောင်နေရပါတယ်။ တစ်နာရီကျော်လောက် ပတ်ဝဲပြီး ကျဲချသွားတာ ပြည်သူအထိအခိုက်တော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မကျည်းကန်ရွာ အနီးကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်မှ စတင်ပြီး မြိုင်မြို့နယ်မြောက်ပိုင်း မကျည်းကန်ရွာအနီးကိုလည်း တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို့အတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ဇွန်လ ၁၆ ရက်နေ့ နံနက် ၇ နာရီခန့်မှ စတင်ပြီး မင်းတပ်မြို့နယ် အရှေ့ခြမ်းကို နေပြည်တော်အေလာ လေတပ်တက်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၈ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ နံနက် အစောပိုင်းမှ ၄ နာရီကျော်မှ စတင်ပြီး ည ၁၁ နာရီကျော်အထိ တံတားဦးလေတပ်နှင့် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၄ စီးကလည်း ဗုံး ၁၄ လုံးကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရသည်။
ထို့ပြင် မင်းတပ်မြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၄ ရက်၊ ဇွန်လ ၁၂ ရက်၊ ၁၀ ရက်၊ ဇွန်လ ၈ ရက်၊ ဇွန်လ ၇ ရက်နှင့် ဇွန်လ ၆ ရက်နေ့တို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




