ရန်ကုန်၊ ဇွန် ၁၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်တွင် နေထိုင်သော အသက် ၃၃ နှစ်အရွယ် စျေးသည် ဦးရဲဇော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ပြီး သေနတ်ဖြင့် ရက်စက်စွာ ပစ်သတ်ကာ ရုပ်အလောင်းအား သင်္ချိုင်းတွင် ပလတ်စတစ်ဖြင့်ပတ်၍ လျှို့ဝှက်မြေမြှုပ်ခဲ့ကြောင်း အသတ်ခံရသူ၏ မိတ်ဆွေများနှင့် ဒေသခံများထံမှ သိရသည်။
ဇွန်လ ၁၂ ရက်နေ့က ကလေးမြို့၊ အောင်သစ္စာရပ်ကွက် ထန်းတပင်ဘုန်းကြီးကျောင်းအနီးတွင် နေထိုင်သော အသက် ၃၃ နှစ်အရွယ် ဦးရဲဇော်သည် မြို့ထဲသို့ တံမြက်စည်း ခြေလျင်လိုက်လံရောင်းချရန် နေအိမ်မှ ထွက်ခွာသွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပျောက်ဆုံးသွားပြီးနောက် သုံးရက်မြောက်နေ့တွင် မိသားစုဝင်များက လိုက်လံစုံစမ်းရှာဖွေရာ ကလေးမြို့အရှေ့ဘက်ရှိ ပြင်သာသင်္ချိုင်းတွင် စစ်ကောင်စီတပ်က လျှို့ဝှက်မြေမြှုပ်ထားသည့် ၎င်း၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဦးရဲဇော်၏ ရုပ်အလောင်းတွင် ရိုက်နှက်နှိပ်စက်ထားသည့် ဒဏ်ရာအမြောက်အမြား တွေ့ရှိရသည့်အပြင် နားထင်နှင့် လည် ပင်းတို့တွင်လည်း သေနတ်ကျည်ဆန် ထိမှန်ထားသည့် ဒဏ်ရာများ တွေ့ရှိခဲ့ရသည်။
စစ်ကောင်စီတပ်သည် ၎င်းကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းအား ပလတ် စတစ်ဖြင့်ပတ်၍ ပြင်သာသင်္ချိုင်းသို့ လျှို့ဝှက်ယူဆောင်ကာ အမြန်မြေမြှုပ်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကလေးမြို့ အောင်သစ္စာရပ်ကွက် ထန်းတပင်ဘုန်းကြီးကျောင်းရှိတဲ့နားမှာ နေတဲ့ မြို့ထဲမှာ တံမြက် စည်း ခြေလျင် လိုက်ရောင်းတဲ့ ကိုရဲဇော်က ပျောက်သွားတာ ၃ ရက်မြောက်နေ့မှာ အိမ်က လိုက်ရှာမှတွေ့တယ်။ ကလေးမြို့ အရှေ့ဘက် ပြင်သာ သင်္ချိုင်းမှာ ပထမကတော့ ရိုးရိုး သတ်ခံထားရတယ်ထင်တာ။ စစ်တပ်က နားထင်ရယ် လည်ပင်းရယ်ကို သေနတ်နဲ့ ပစ်သတ်ထားတဲ့ သေနတ် ဒဏ်ရာတွေ့တယ်။ ရိုက်နှက် နှိပ်စက်ထားတဲ့ ဒဏ်ရာတွေလည်း အများကြီးပေါ့။ အလောင်းတွေ့တဲ့ အချိန်မှာ ညိုမဲပြီး ပုတ်ပွနေပြီလို့ ပြောတယ်။ စစ်တပ်က ပလတ်စတစ်နဲ့ ပတ်ပြီးတော့မှ သုဘရာဇာကို မြှုပ်ခိုင်းတာ အဲဒါမြှုပ်တာသိတော့ မိသားစုဝင်တွေက ပိုက်ဆံ ၅ သောင်းပေးပြီးတော့ ပြန်ဖော်တော့မှ ကိုရဲဇော်ဖြစ်နေမှန်း သိရတာပေါ့။”ဟု ကိုရဲဇော်၏ မိတ်ဆွေဖြစ်သူက ရှင်းပြသည်။
စစ်ကောင်စီတပ်၏ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် ကိုရဲဇော်တွင် ဇနီးဖြစ်သူနှင့် ကလေးငယ် ၂ ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မိသားစုဝင်များက ပြင်သာသင်္ချိုင်းမှ ကိုရဲဇော်၏ ရုပ်အလောင်းကို ပြန်လည်တူးဖော် ယူဆောင်လာပြီး စနစ်တကျ သင်္ဂြိုဟ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။




