ရန်ကုန်၊ ဇွန် ၁၆
ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် မိုးရာသီလယ်စိုက်ဘဏ်ချေးငွေ ထုတ်ယူမည့် တောင်သူများကို ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းနှင့် အမျိုးတော်စပ်သူများ ထုတ်လုပ်သည့် အသုံးမဝင်သော စပါးအတန်းလိုက်စိုက်ပစ္စည်းများအား မဝယ်မနေရစနစ်ဖြင့် အတင်းအဓမ္မ လိုက်လံရောင်းချနေကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။
ပြည်မြို့နယ်အတွင်းရှိ လယ်စိုက်သည့် ကျေးရွာအုပ်စုများတွင် ယခုမိုးရာသီအတွက် လယ်စိုက်ဘဏ်ချေးငွေများကို မကြာမီ တောင်သူများထံ ထုတ်ပေးတော့မည် ဖြစ်သည်။
ထိုသို့ ချေးငွေများ ထုတ်မပေးမီ မြို့နယ်စိုက်ပျိုးချေးငွေ ထုတ်ပေးရေး ဥက္ကဋ္ဌ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် အတွင်းရေးမှူးတို့က ချေးငွေထုတ်ယူမည့် တောင်သူတစ်ဦးလျှင် စာရွက်စာတမ်းဖိုးနှင့် အကျိုးတော်ဆောင်ခအဖြစ် ငွေကျပ် ၁၀,၀၀၀ စတင်ကောက်ခံလျက်ရှိသည်။
ထို့အပြင် ချေးငွေအမှန်တကယ် ထုတ်ပေးသည့်အခါတွင်လည်း ၁ ဧကလျှင် စပါးအတန်းလိုက်စိုက်ပစ္စည်းအတွက် ငွေကျပ် ၃,၀၀၀ နှင့် သီးနှံအာမခံအတွက် ၁ ဧကလျှင် ငွေကျပ် ၁,၅၀၀ နှုန်းစီ ထပ်မံဖြတ်တောက်မည် ဖြစ်ရာ လယ် ၁၀ ဧကအတွက် ချေးငွေထုတ်မည့်သူများသည် ငွေကျပ် ၅၀,၀၀၀ ကျော်အထိ ပေးဆောင်ရမည် ဖြစ်သည်။
ယင်းအပြင် လယ်စိုက်တောင်သူ ၁ အုပ်စုလျှင် အဆိုပါ စပါးအတန်းလိုက်စိုက်ပစ္စည်း ၆ ခုစီ မဖြစ်မနေ ဝယ်ယူရမည်ဟု ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ခေါ်ယူဖိအားပေး ပြောဆိုထားသည်။
အဆိုပါ စပါးအတန်းလိုက်စိုက်ပစ္စည်းများကို ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် အမျိုးတော်စပ်သူတစ်ဦးက ပြည်စက်မှုဇုန်တွင် ထုတ်လုပ်ရောင်းချနေခြင်း ဖြစ်သည်။
သို့သော် အဆိုပါပစ္စည်းများသည် လက်တွေ့စပါးစိုက်ပျိုးရာတွင် တစ်စုံတစ်ရာ အသုံးမဝင်သည့်အပြင် စပါးအထွက်နှုန်းပါ ကျဆင်းစေသဖြင့် တောင်သူများက ဝယ်ယူရန် ငြင်းဆိုသော်လည်း အာဏာပိုင်များက မဝယ်မနေရစနစ်ဖြင့် အတင်းအကျပ် ရောင်းချနေခြင်း ဖြစ်သည်။
“စပါးအတန်းလိုက်စိုက်ပစ္စည်းက လက်တွေ့မှာ ဘာမှ အသုံးမဝင်ဘူး။ အဲဒါကို မဝယ်ဘူးပြောလည်းမရဘူး။ မဝယ်မနေရ စနစ်နဲ့ကို ၁ အုပ်စုကို ၆ ခုဆိုပြီး အတင်း အဓမ္မလိုက်ရောင်းနေတာ”ဟု တောင်သူတစ်ဦးက ရှင်းပြသည်။
အခြားတစ်ဖက်တွင်လည်း ပြည်မြို့နယ် လယ်ယာစိုက်ပျိုးရေးမန်နေဂျာ အောင်ဆန်းဝင်ကြ နှစ်စဉ်တောင်သူလယ်သမားများကို ထုတ်ပေးရမည့် မြေဩဇာများကို ထုတ်ပေးခြင်းမရှိတော့ဘဲ ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ပြင်ပဆိုင်များသို့ ပြန် လည်ခိုးထုတ်ရောင်းချနေကြောင်း သိရသည်။
အဆိုပါ မြေဩဇာများသည် မြောင်းတကာစက်ရုံက နှစ်စဉ် လယ် ၃ ဧကလျှင် ၁ ထုပ်နှုန်းဖြင့် ငွေကျပ် ၃၀,၀၀၀ စျေးဖြင့် တောင်သူများအတွက် ချပေးခြင်း ဖြစ်သည်။
သို့သော် လက်ရှိတွင် လယ်ယာစိုက်ပျိုးရေးမန်နေဂျာနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပူးပေါင်းကာ ပြင်ပဆိုင်များသို့ ၁ အိတ်လျှင် ငွေကျပ် ၈၀,၀၀၀ နှုန်းဖြင့် လျှို့ဝှက်ရောင်းချခဲ့သဖြင့် တောင်သူများမှာ ပြင်ပဆိုင်များတွင် စျေးနှုန်းအဆမတန်ပေးကာ ၁ အိတ်လျှင် ငွေကျပ် ၁ သိန်းဖြင့် ပြန်လည်ဝယ်ယူနေရသည်။
“မြောင်းတကာစက်ရုံက မြေဩဇာကို ချပေးတယ်။ ၃ ဧကကို ၁ အိတ် ၃ သောင်းနှုန်းပေါ့။ အဲဒါကို လယ်ယာစိုက်ပျိုးရေးမန်နေဂျာနဲ့ ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး တောင်သူတွေကို ပြန်ထုတ်မပေးတော့ဘူး။ အပြင်ဆိုင်ကို ပြန်ရောင်းစားတာ ၁ အိတ် ၈ သောင်းကျပ်နဲ့ ပြည်သူတွေက အပြင်ဆိုင်က ပြန်ဝယ်သုံးတော့ ငွေကျပ် ၁ သိန်းပေးရတယ်။ အခုက တောင်သူတွေလည်း စပါးစိုက်ရမှာတောင် စိတ်ပျက်နေကြပြီ”ဟု လယ်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ပြည်မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများသည် စိုက်ဘဏ်ချေးငွေ ထုတ် ယူရာ၌ ဝန်ကြီးချုပ်အသိုင်းအဝိုင်း၏ အသုံးမဝင်သော စိုက်ပျိုးရေးပစ္စည်းများကို အဓမ္မဝယ်ယူနေရသည့်အပြင် စိုက်ပျိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် မြေဩဇာများကိုပါ စျေးကြီးပေးဝယ်နေရသဖြင့် ယခုမိုးရာသီတွင် စပါးစိုက်ပျိုးရန်ပင် စိတ်ပျက်အားလျော့နေကြကြောင်း သိရသည်။




