ရန်ကုန်၊ ဇွန် ၂၁
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့တွင် မြိုင်မြို့နယ် အနောက်တောင်ပိုင်းကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်စက်မှု ၂ အနီးဆုံးရှိ ဧရိယာဇုန်ကျေးရွာထဲကို ရောက်ရှိလာသောကြောင့် ရွာပေါင်း ၁၀ ခုကျော်မှာ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ပြီး မြိုင်မြို့နယ် အနောက်တောင်ပိုင်းရှိ လက်ခုပ်ပင်ရွာနှင့် မြင်းကိုးသစ်ရွာ အနီးတဝိုက်ကို Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက မြိုင်မြို့နယ် အနောက်တောင်ပိုင်းကို တိုးလာတာပေါ့။ ဒီနေ့လည်း လေကြောင်းတိုက်ခိုက်မှု ထပ်လုပ်သွားတယ်လို့ သိရတယ်။ ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူး။ ပြည်သူတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁၇ ရက်နေ့ တွင် မြဇီးတောရွာမှ ရွာဦးဘုန်းကြီးကျောင်း ဇရပ် ၂ ခု ၊ ပြည်သူပိုင် နေအိမ် ၂၀ ကျော်၊ ဖောကား ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၁၇ စီး၊ အိမ်သုံး ပရိဘောဂအမျိုးမျိုးနှင့် စားနပ်ရိက္ခာ အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၁၆ ရက်နေ့ကလည်း စစ်တပ် စစ်ကြောင်းက သာစည်ကျေးရွာမှ ယာတောအတွင်း ယာယီတဲထိုး၍ စစ်ဘေးရှောင်နေသော အသက် ၆၀ အရွယ် ဦးဝင်းရွှေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် မြိုင်မြို့နယ် အနောက်တောင်ပိုင်း လက်ခုပ်ပင်ရွာအနီး ရောက်ရှိနေပြီး မည်သည့်နေရာကို ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ် အတွင်းရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၈ ရက်နေ့တွင် မဟူတောင် တာဝါတိုင်စခန်းတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လာပိုရွာနှင့် ထန်းတပင်ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်ထိ ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ၍ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းက ဘာတိုက်ပွဲမှ မရှိဘဲနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့နေတာ ပြည်သူတွေလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကနီမြို့နယ်တွင်လည်း ရက်ပေါင်း ၄၀ ကျော်ကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရှမ်းမြောင်းရွာမှ လူနေအိမ်နှင့်နွားတဲ ၂၀ လုံးခန့်၊ တဇယ်ချောင်ရွာမှ လူနေအိမ် ၃ လုံး၊ ညောင်ပင်ဝန်းရွာမှ လူနေအိမ် ကြက်ခြံနှင့် နွားတဲ ၂၀ လုံးခန့်၊ လင်ပုန်းရည်ရွာ လူနေအိမ်နှင့်နွားတဲ ၂ လုံး၊ ယာကြီး-ကလေးဝ လမ်းပိုင် မိုင် ၃၀ မှ လူနေအိမ်နှင့်စျေးဆိုင် ၄ လုံးတို့ကို မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




