ရန်ကုန်၊ ဇွန် ၂၃
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စိတ်ရောဂါ ခံစားနေရသော ပြည်သူ ၁ ဦး အပါအဝင် ၅ ဦးကို လက်ပြန်ကြိုးတုပ်၍ နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လပိုင်းမှ စတင်ပြီး စစ်တပ်၏ မိတ္ထီလာ အခြေစိုက် တပ်မ ၉၉ နှင့် ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ မှ စစ်သားများ ပူးပေါင်းထားသော စစ်ကြောင်းသည် ဇွန်လ ၁၅ ရက်နေ့တွင် ကမ္မဒေသမှ မြိုင်မြို့နယ် တောင်ပိုင်းကို စတင်ဝင်ရောက်ခဲ့ပြီးနောက် တွင်းမပျူစောထီးရွာကို အခြေပြုကာ မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတောက်လျောက်ရှိ ဒေသပြည်သူ ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ပြည်သူများကို လက်ပြန်ကြိုးတုပ်ကာ နှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သာစည်ရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာမှ စိတ်ရောဂါ ခံစားနေရသော အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာရွာမှ အသက် ၃၂ နှစ်အရွယ် ကိုနေဇော် နှင့် မိတ္ထိလာရွာမှ အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦး တို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့ တချို့အလောင်းတွေဆိုရင် ပုတ်ပွနေလို့ သယ်ယူဖို့တော့ အဆင်မပြေတော့ဘူး။ သူတို့ စစ်ကြောင်းထိုးရာ လမ်းတောက်လျောက်က ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တာပါ” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် ဇွန်လ ၁၇ ရက်နေ့ကလည်း ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြဇီးတောရွာမှ ရွာဦးဘုန်းကြီးကျောင်း ဇရပ် ၂ ခု ၊ ပြည်သူပိုင် နေအိမ် ၂၀ ကျော်၊ ဖောကား ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၁၇ စီး၊ အိမ်သုံး ပရိဘောဂအမျိုးမျိုးနှင့် စားနပ်ရိက္ခာ အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်







