27.4 C
Yangon

ဂျယ်ဂျူးငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို တက်ရောက်လာသော နိုင်ငံတကာခေါင်းဆောင်များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးလောင်းများကို မြန်မာနိုင်ငံအရေး အလေးပေးဆောင်ရွက်ပေးရန် အိတ်ဖွင့်ပေးစာများပေးပို့

Must read

ရန်ကုန်၊ ဇွန် ၂၆

ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူကျွန်းတွင် ကျင်းပနေသော ဂျယ်ဂျူးငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို တက်ရောက်လာသော နိုင်ငံတကာခေါင်းဆောင်များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးလောင်းများကို တော်လှန်ရေးအဖွဲ့အစည်းများက မြန်မာနိုင်ငံ အရေး အလေးပေးဆောင်ရွက်ပေးရန် အိတ်ဖွင့်ပေးစာများပေးပို့ခဲ့ကြောင်း ဖိုရမ်တက်ရောက်သူများကိုယ်စား MFDMC အတွင်းရေးမှူး ကိုလင်းအိမ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ “ပြိုကွဲနေသော ကမ္ဘာကြီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်ဆန်းသစ်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်နေသည့် ဂျယ်ဂျူးငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နိုင်ငံတကာ ခေါင်းဆောင်များ၊ အဖွဲ့အစည်း အသီးသီးမှ ခေါင်းဆောင်များ၊ ကျွမ်းကျင်သူ ပညာရှင်များ အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးလောင်း ၅ ဦးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုဖိုရမ်ကို တက်ရောက်လာသော နိုင်ငံတကာခေါင်းဆောင်များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးလောင်းများကို မြန်မာပြည်ငြိမ်းချမ်းရေးအတွက် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ထိရောက်၍ လက်တွေ့ကျသော ကူညီပံ့ပိုးမှုများ၊ ပြတ်သားသော အရေးယူဆောင်ရွက်မှုများကို ချက်ချင်းလက်ငင်း လုပ်ဆောင်ပေးရန် အိတ်ဖွင့်ပေးစာများပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖိုရမ်တက်‌ရောက်လာသူ အင်ဒိုနီးရှားနိုင်ငံ သမ္မတဟောင်း ဆူဆီလို ဘန်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က “အာဆီယံအနေဖြင့် အပြန်အလှန် ဝင်ရောက်မစွက်ဖက်ရေးမှုကို ထိန်းသိမ်းရင်း အာဆီယံပဋိညာဉ်ပါ ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေးစံနှုန်းများသို့ ကူးပြောင်းလာစေရန် အင်ဒိုနီးရှားနှင့် အာဆီယံတို့က မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းမှုများကို ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေးအတွက် အချိန်ဇယားနှင့် လုပ်ဆောင်နိုင်စွမ်းအလိုက် ရွေးချယ်လုပ်ဆောင်နိုင်ရန် မိမိတို့ဘက်မှ ဝန်းရံပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း” ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုဂျယ်ဂျူးငြိမ်းချမ်းရေးဖိုရမ်သည် အာရှနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရေးပါသော ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး ယခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးလောင်းများ၊ ကုလသမဂ္ဂ ခေါင်းဆောင်ဟောင်းများနှင့် နိုင်ငံတကာ ကမ္ဘာ့ခေါင်းဆောင်များ ရှေ့မှောက်၌ မြန်မာ့အရေးကို ယခုကဲ့သို့ ထိရောက်စွာချပြပြီး သတင်းအချက်အလက်များ တောင်းဆိုချက်များ တိုက်ရိုက်ပေးအပ်ကာ တိုက်တွန်းနိုင်ခဲ့ခြင်းကြောင့် နိုင်ငံတကာ အသိုက်အဝန်းတွင် မြန်မာ့အရေးအပေါ် ပိုမိုအာရုံစိုက်လာစေဖို့ တွန်းအားတရပ် ဖြစ်စေမည်ဟု ယုံကြည်ကြောင်း KOCO အဖွဲ့ ဥက္ကဋ္ဌ မစ္စဂန်အင်နန်းကလည်း ပြောဆိုသည်။

ယင်းဖိုရမ်သို့ တက်ရောက်လာသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း (Ban Ki-moon) နှင့်အတူ အနာဂတ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လောင်း ၅ ဦး အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်မှ အဆင့်မြင့်သံတမန်များ၊ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများထံသို့ မြန်မာပြည်သူတို့၏ အသံနှင့် အရေးပေါ်လိုအပ်ချက်များ ပါဝင်သော အိတ်ဖွင့်ပေးစာများကို တိုက်ရိုက်လက်ရောက် ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။

“ပြည်တွင်းပြည်ပမှာရှိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေအားလုံး ​ညီညီညွတ်ညွတ် ကြိုးစားဖို့လိုတဲ့အချိန်ဖြစ်ပါတယ်။ ပြီးတော့ လူထုလွတ်မြောက်ရေးကို ဦးတည်ဖို့ အဖွဲ့အစည်းတွေအားလုံး ကျေလွယ်အောင်ဆွေးနွေးရင်း ကိုယ်အင်အားကို ပိုကောင်းအောင် တည်ဆောက်ကြဖို့ လိုပါတယ်လို့ပြောချင်ပါတယ်” ဟု MFDMC အတွင်းရေးမှူး ကိုလင်းအိမ် က ပြောဆိုသည်။

ထို လှုပ်ရှားမှုကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) နှင့် မြန်မာ့ဒီမိုကရေစီရေးကို အစဉ်အမြဲကူညီပံ့ပိုးပေးနေသော “နိုင်ငံတကာ အရပ်ဘက်လူထုလှုပ်ရှားမှု မဟာမိတ်အဖွဲ့ (KOCO) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံရောက် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ အင်အားစုများနှင့် လက်တွဲဆောင်ရွက်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အသိအမှတ်ပြုဆက်ဆံရန်၊ စစ်ကောင်စီကို အသိအမှတ်မပြုရန်၊ အရေးယူပိတ်ဆို့ရန် နှင့် မြန်မာ့ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်အထိ နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားဆောင်ရွက်မှုများကို ဆက်လက်၍ အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article