27.4 C
Yangon

ရိုဟင်ဂျာများကို စနစ်တကျ ငတ်မွတ်ခေါင်းပါးစေခြင်းဖြင့် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု မူဝါဒကို ကျင့်သုံးဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးဟောင်း ပြော

Must read

ရန်ကုန်၊ ဇွန် ၂၇

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို ဆယ်စုနှစ်များစွာ စနစ်တကျ ငတ်မွတ်ခေါင်းပါးစေခြင်းနှင့် ရိက္ခာရရှိနိုင်မှုကို ဖျက်ဆီးခဲ့ခြင်းသည် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတော်မူဝါဒ (Genocidal State Policy) ဖြစ်ကြောင်းကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးဟောင်းနှင့် နိုင်ငံ တကာဥပဒေပညာရှင် Yousuf Syed Khan က Genocide Watch တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုအမှုတွင် စနစ်တကျ ငတ်မွတ်ခေါင်းပါးစေခြင်းများကို ထင်ရှားစွာ သက်သေပြနေကြောင်း သူက ထောက်ပြသည်။

Yousuf Syed Khan က ယခုနှစ် ဇန်နဝါရီလတွင် ICJ ၌ ကြားနာစစ်ဆေးမှုများ ပြီးဆုံးခဲ့ပြီးနောက် တရားရုံး၏ ဆုံးဖြတ်ချက်ကို မကြာမီ ချမှတ်တော့မည်ဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်တွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပဋိညာဉ်စာချုပ် အပိုဒ် ၂(ဂ) အရ အုပ်စုတစ်စု၏ ရိက္ခာရရှိနိုင်မှုကို စနစ်တကျ ဖျက်ဆီးခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်၊ မမြောက်ကို ပထမဆုံးအကြိမ် အသေးစိတ် သုံးသပ်ဆုံးဖြတ်ဖွယ်ရှိကြောင်း သုံးသပ်ထားသည်။

၎င်း၏ အဆိုအရ မြန်မာစစ်တပ်သည် ရိုဟင်ဂျာများ၏ စားနပ်ရိက္ခာရရှိနိုင်မှုနှင့် အသက်မွေး ဝမ်း ကျောင်းစနစ်ကို ဖြိုဖျက်ရန် နိုင်ငံသားအခွင့်အရေး ငြင်းပယ်ခြင်း၊ မြေယာပိုင်ဆိုင်ခွင့် ပိတ်ပင်ခြင်း၊ သွားလာခွင့်ကန့်သတ်ခြင်း၊ စစ်ဆေးရေးဂိတ်များဖြင့် ငွေညှစ်ခြင်း၊ ညမထွက်ရအမိန့် ထုတ်ပြန်ခြင်း၊ ဒုက္ခသည်စခန်းများတွင် နှစ်ရှည်ပိတ်လှောင်ထားခြင်း၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းများ သိမ်းဆည်းခြင်းနှင့် လူသားချင်းစာနာမှု အကူအညီများကို ပိတ်ဆို့ဖြတ်တောက်ခြင်း အပါအဝင် နည်းလမ်းရှစ်မျိုးကို ဆယ်စုနှစ်များစွာ ပေါင်းစပ်အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပဋိညာဉ်စာချုပ် (Genocide Convention) အပိုဒ် ၂(ဂ) တွင် “အုပ်စုတစ်စုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခုကို ရုပ်ပိုင်းဆိုင်ရာအရ လုံးဝ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ပျက် စီးသွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ၎င်းတို့၏ အခြေခံလူနေမှုဘဝ အခြေအနေများကို ဖျက်ဆီးခြင်း” ကို ပိတ်ပင်တားမြစ်ထားပြီး ယင်းပြဋ္ဌာန်းချက်ကို နာဇီဂျာမနီခေတ်က ဂျူးရပ်ကွက် (Ghetto) များတွင် အစားအစာများကို ကန့်သတ်ကာ လူထုကို တဖြည်းဖြည်း ငတ်မွတ်သေဆုံးစေခဲ့သည့် လုပ်ရပ်များကို အခြေခံ၍ ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်က ရိုဟင်ဂျာများ မိမိဘာသာ ရပ်တည်နိုင်စွမ်းနှင့် ရိက္ခာရှာဖွေနိုင်စွမ်းကို ဖြတ်တောက်ရန် ဆယ်စုနှစ်များစွာအတွင်း နည်းလမ်း ၈ ခုကို အပြန်အလှန် ချိတ်ဆက်အသုံးပြုခဲ့ကြောင်း မှတ် တမ်း များအရ တွေ့ရှိရကြောင်း သူက ဆိုသည်။

နိုင်ငံသားခွင့်နှင့် မြေယာပိုင်ဆိုင်ခွင့် ငြင်းပယ်ခြင်းကို မြန်မာစစ်တပ်က စနစ်တကျလုပ်ဆောင်ခဲ့ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေဖြင့် ရိုဟင်ဂျာများကို အသိအမှတ်ပြု တိုင်းရင်းသား (၁၃”၅) မျိုးထဲမှ ပယ်ထုတ်ကာ မြေယာပိုင်ဆိုင်ခွင့်များ ပိတ်ပင်ခဲ့သည်။

မြန်မာစစ်တပ်က ရိုဟင်ဂျာများကို သွားလာခွင့် ကန့်သတ်ပြီး ကျေးရွာတစ်ခုနှင့်တစ်ခုအကြား သွားလာရန်ပင် ပါမစ်များ လိုအပ်စေခဲ့သည်။ ယင်းအပြင် စစ်ဆေးရေးဂိတ်များ တိုးမြှင့်ခဲ့ပြီး ၄ ကီလိုမီတာ အကွာအဝေးအတွင်း စစ်ဆေးရေးဂိတ် ၉ ခုအထိ ထားရှိကာ စံချိန်တင် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရှိရသင်္ည။

အလားတူ ညမထွက်ရအမိန့် ထုတ်ပြန်ကာ အဓိက ငါးဖမ်းရမည့် အချိန်ကောင်းများကို ပိတ်ပင်ခဲ့ကြောင်း၊ ဒုက္ခသည်စခန်းများအတွင်း ပိတ်လှောင်ခြင်းနှင့် အကူအညီအပေါ် မှီခိုစေခြင်းများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကာ ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း လူဦးရေ ၁၂၈,၀၀၀ ကျော်ကို စခန်းများတွင် ပိတ်လှောင်ကာ လူသားချင်းစာနာမှု အကူအညီများအပေါ်တွင်ပဲ လုံးလုံးလျားလျား မှီခိုနေရအောင် ဖန်တီးခဲ့ကြောင်း သူက သုံးသပ်ထားသည်။

ထိုမျှသာမက လယ်ယာသုံး ကိရိယာများ သိမ်းဆည်းခြင်း၊လယ်ယာမြေ လုပ်ကိုင်ခွင့်အတွက် သတ်မှတ်သက်သေခံကတ်ပြားများ တောင်းဆိုခြင်း၊ လူသားချင်းစာနာမှု အကူအညီများကို စနစ်တကျ ပိတ်ဆို့ဖြတ်တောက်ခြင်း ကဲ့သို့သော လုပ်ရပ်များမှာ မြန်မာစစ်တပ်၏ ရိုးရာ “ဖြတ်လေးဖြတ်” (ရိက္ခာ၊ ရန်ပုံငွေ၊ လူသစ်၊ သတင်း) ဗျူဟာကို ရိုဟင်ဂျာလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ အသုံးချခဲ့ခြင်း ဖြစ်သည်ဟု သူက ထောက်ပြသည်။

၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး မတိုင်မီ ဇူလိုင်လအတွင်းက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ စစ်တမ်းတစ်ခုတွင် ရခိုင်မြောက်ပိုင်းရှိ အသက် ၅ နှစ်အောက် ကလေးငယ် ၈၀,၅၀၀ ခန့် အာဟာရချို့တဲ့နေကြောင်း ထုတ်ပြန်ခဲ့သော်လည်း စစ်တပ်၏ ဖိအားပေးမှုကြောင့် ယင်းအစီရင်ခံစာကို လူထုရှေ့မှောက်မှ ပြန်လည်ရုပ်သိမ်းခဲ့ရဖူးသည်။

၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး” အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာပေါင်း ၃၉၂ ရွာ (စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း) ဖျက်ဆီးခံခဲ့ရပြီး၊ လူဦးရေ ၇၄၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။ ရောက်ရှိခါစ စစ်ဆေးချက်များအရ အသက် ၅ နှစ်အောက် ကလေးငယ် ၁၄၅,၀၀၀ ခန့်မှာ အာဟာရချို့တဲ့မှုဒဏ် ပြင်းထန်စွာ ခံစားခဲ့ရသည်။

ထွက်ပြေးသွားပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် အခြေအနေများသည် စစ်တပ်၏ တန်ပြန်အကြမ်းဖက်မှု သို့မဟုတ် နှင်ထုတ်ရုံသက်သက်မဟုတ်ဘဲ လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက် (Genocidal Intent) ကို ပိုမိုထင်ရှားစေသည်ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ကော်မတီအဖွဲ့အပါအဝင် မြန်မာအစိုးရက ရိုဟင်ဂျာများ စွန့်ခွာသွားသည့် လယ်ယာမြေ ဧကပေါင်း ၄၅,၀၀၀ ကျော်မှ စပါးများကို စနစ်တကျ ရိတ်သိမ်းရောင်းချကာ ရရှိလာသည့် ရန်ပုံငွေများကို နိုင်ငံတော်ဘတ်ဂျက်အတွင်းသို့ သွင်းယူခဲ့ကြောင်း သိရှိရသည်။

ထို့နောက် အဆိုပါ မြေယာများကို အခြားတိုင်းရင်းသားများနှင့် ပုဂ္ဂလိကကုမ္ပဏီများကို ငှားရမ်းခဲ့ပြီး၊ ၂၀၁၈ ခုနှစ်တွင် မြေလွတ်၊ မြေရိုင်းဥပဒေကို ပြင်ဆင်ကာ ရိုဟင်ဂျာများ ၎င်းတို့မြေယာကို ပြန်လည်မရရှိနိုင်တော့အောင် ဥပဒေကြောင်းအရ အပြီးတိုင် ပိတ်ပင်ခဲ့သည်။

အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုအပြီး ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ ၆၀၀,၀၀၀ ခန့် ကျန်ရှိနေခဲ့သော်လည်း ၎င်းတို့သည် ဆက်လက်ငတ်မွတ်ခေါင်းပါးအောင် ဖန်တီးထားသည့် အခြေအနေများအောက်တွင်သာ နေထိုင်ခဲ့ရပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ (FFM) ကလည်း ယင်းရိက္ခာပိတ်ဆို့မှုများသည် အစိုးရတွင် လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက် ရှိနေဆဲဖြစ်ကြောင်း ပြသသည့် အဓိက သက်သေအထောက်အထား ဖြစ်သည်ဟု ၂၀၁၉ တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ရခိုင်တွင် လူဦးရေ ၂ သန်းခန့် ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်နေရကြောင်း သတိပေးခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးထွက် အစီရင်ခံစာအရ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် အာဟာရချို့တဲ့မှုအခြေအနေသည် ‘Critical Phase 4’ အဆင့်သို့ ရောက်ရှိနေပြီး၊ ဘူးသီးတောင်မြို့နယ်တွင်မူ ‘Catastrophe Phase 5’ (အဆိုးရွားဆုံး ကပ်ဘေးအဆင့်) သို့ လျင်မြန်စွာ ကူးပြောင်းနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်တပ်၏ ကူညီထောက်ပံ့မှုများအပေါ် အလုံးစုံ ပိတ်ဆို့ထားမှုသည် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်းလည်း လူ့အခွင့်အရေး ကျွမ်းကျင်သူများက ဆိုသည်။

လူမျိုးတုံးသတ်ဖြတ်မှုအမှုများတွင် အခက်ခဲဆုံးအချက်မှာ “ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း (Genocidal Intent)” ကို သက်သေပြရန်ဖြစ်သည်။ ICJ ဥပဒေအရ ယင်းရည်ရွယ်ချက်သည် “အခြားဆင်ခြေပေးစရာမရှိဘဲ ယင်းတစ်ခုတည်းသော ကောက်ချက် (Only reasonable inference)” ဖြစ်ရန် လိုအပ်သည်။

မြန်မာနိုင်ငံအမှုတွင် ရိက္ခာဖြတ်တောက်မှု သက်သေသည် အချက် ၂ ချက်ကြောင့် စစ်တပ်၏ ခုခံချေပချက်များကို ပျယ်ပြယ်စေကြောင်း သိရှိရသည်။

ပထမအချက် အနေဖြင့် စစ်မြေပြင်၏ ရှုပ်ထွေးမှုကြောင့် စစ်သားများက သတ်ဖြတ်မိခြင်းဟု စစ်တပ်က ဆင်ခြေပေးနိုင်သော်လည်း၊ ၁၉၈၂ နိုင်ငံသားဥပဒေ၊ ပါမစ်စနစ်၊ စစ်ဆေးရေးဂိတ်များနှင့် မြေယာသိမ်းယူမှု ဥပဒေများကဲ့သို့ ဆယ်စုနှစ်ချီ စနစ်တကျ ဗျူဟာမြောက် ရေးဆွဲထားသည့် ရိက္ခာဖြတ်တောက်မှု ယန္တရားကိုမူ စစ်မြေပြင်ရှုပ်ထွေးမှုကြောင့်ဟု ဆင်ခြေပေး၍ မရနိုင်ပေ။

ဒုတိယအချက်အနေဖြင့် စစ်တပ်က ၎င်းတို့အနေဖြင့် နယ်မြေရှင်းလင်းရုံသာ လုပ်ဆောင်ခြင်းဖြစ်ပြီး ဖျက်ဆီးလိုစိတ်မရှိပါဟု ဆိုသော်လည်း၊ နှင်ထုတ်ခံရသူတို့၏ လယ်ယာများကို ရိတ်သိမ်းကာ နိုင်ငံတော်ဘတ်ဂျက်ထဲ ထည့်သွင်းခြင်းနှင့် မြေယာများကို အခြားသူများအား လွှဲပြောင်းပေးခြင်းတို့သည် အုပ်စုတစ်ခု၏ ရုပ်ပိုင်းဆိုင်ရာ ဆက်လက်ရပ်တည်နိုင်မှုကို ဖျက်ဆီးလိုခြင်းဖြစ်၍ အပိုဒ် ၂(ဂ) ချိုးဖောက်မှု မြောက်နေသည်ဟု သူက ထောက်ပြထားသည်။

ရိုဟင်ဂျာများ ကြုံတွေ့နေရသည့် ငတ်မွတ်ခေါင်းပါးမှုသည် သဘာဝဘေးအန္တရာယ် သို့မဟုတ် ရာသီ ဥတု (မိုးခေါင်ခြင်း) ကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ ပါမစ်များ၊ စစ်ဆေးရေးဂိတ်များ၊ နိုင်ငံသားဥပဒေများနှင့် စနစ်တကျ ရေးဆွဲထားသည့် မူဝါဒများကြောင့် ဖန်တီးခံရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ICJ တရားရုံးအနေဖြင့် ၂၀၁၇ တွင် ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုသာမကဘဲ ၎င်းတို့နောက်ကွယ်တွင် ဆယ်စုနှစ်များစွာ ဗျူဟာမြောက် လုပ်ဆောင်ခဲ့သည့် “ရိက္ခာဖြတ်တောက်ပြီး စနစ်တကျ သေဆုံးစေခြင်း” အထောက်အထားများကိုပါ အလေးအနက် ထည့်သွင်းစဉ်းစား ဆုံးဖြတ်သင့်ကြောင်း သူက အကြံပြုသည်။

ထိုသို့ ဆုံးဖြတ်ခြင်းဖြင့်သာ မြန်မာနိုင်ငံအပြင် ဂါဇာ၊ ဆူဒန်နှင့် အခြားကမ္ဘာ့နေရာအနှံ့အပြားတွင် နိုင်ငံတော်အဆင့် ဖန်တီးနေသည့် ငတ်မွတ်ခေါင်းပါးမှု ရာဇဝတ်မှုများကို တားဆီးနိုင်မည့် ဥပဒေကြောင်းဆိုင်ရာ စံနမူနာကောင်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သူက သုံးသပ် တင်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article