26.9 C
Yangon

မကွေးထောင်တွင် ထောင်ပိုင် ဝင်းနိုင်အပါအဝင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ညှဉ်းပန်း၊ ခြေချင်းခတ် တိုက်ပိတ်ပြီး အစာရေစာ ကန့်သတ်ထားသည့်အပြင် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဇွန် ၂၈

မကွေးထောင်တွင် ထောင်ပိုင် ဝင်းနိုင်အပါအဝင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်း သားများအပေါ် ရိုက်နှက်ညှဉ်းပန်းခြင်း၊ ခြေချင်းခတ် တိုက်ပိတ်ခြင်း၊ အစာရေစာနှင့် အခြေခံလူ့အခွင့် အရေးများကို ကန့်သတ်ချိုးဖောက်ခြင်းများ ဆက်တိုက်ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် မကွေးအကျဉ်းထောင် ထောင်ပိုင်ကြီး ဝင်းနိုင်၊ ထောင်ပိုင်လေးနှင့် ထောင်မှူးတို့သည် တိုက်ဆောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို “မင်းတို့တတွေကို သွေးမထွက်တဲ့နည်းနဲ့ ငါတို့ကသတ်ပစ်လို့ရတယ်၊ သွေးမထွက်တဲ့နည်းနဲ့ သတ်ပြမယ်” ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် မေလ ၁၄ ရက်နေ့ ည ၇ နာရီခန့်တွင် နိုင်ငံရေးအကျဉ်းသား ကိုအေးသိန်းက ခြေထောက်နာကျင်မှုကြောင့် ဆေးတောင်းခံရာ ထောင်ဝန်ထမ်းများက အော်ဟစ်ကြိမ်းမောင်းခဲ့ပြီး “မင်းတို့ ဖိနှိပ်တာတွေ များနေပြီ၊ ညွှန်မှူးဝင်လာရင် တိုင်မယ်” ဟု ပြောဆိုခဲ့သည့်အတွက် နောက်တစ်နေ့ နံနက်ပိုင်း ဘုရားဝတ်ပြုချိန်တွင် ထောင်ပိုင် ဝင်းနိုင်၊ ထောင်မှူး၊ ဒုထောင်မှူး အောင်ကိုကိုနှင့် ထောင်ဝန်ထမ်းများက တိုက်ဆောင် ၃ ရှိ နိုင်ငံရေးအကျဉ်းသားများကို အင်အားသုံး ဖမ်းဆီးခဲ့ကြောင်း PPNMက ထုတ်ပြန်ထားသည်။

ဖမ်းဆီးစဉ် နိုင်ငံရေးအကျဉ်းသားများကို နောက်သို့လှည့်ခိုင်းကာ ဦးခေါင်းနှင့် မျက်နှာများကို ခေါင်းစွပ်ဖြင့် ဖုံးအုပ်ချုပ်နှောင်ပြီး ဆေးရုံတိုက်ဆောင်သို့ ခေါ်ဆောင်ကာ ခြေချင်းဒေါက်ခတ်၍ တိုက်ပိတ်ခဲ့ကြောင်း PPNM က ဆိုသည်။

ထို့ပြင် မေလ ၃၁ ရက်နေ့တွင်လည်း အဆောင် (၃) ရှိ အကျဉ်းသားများကို တန်းစီးချုပ် စစ်သားကြီး (ခ) ကျော်မျိုးနိုင်နှင့် “သိုင်းဆရာ” ဟု ခေါ်သည့် အကျဉ်းသားတစ်ဦးတို့က ပုံစံမောင်းသည်ဟုဆိုကာ ရိုက်နှက်နေမှုကို ဝင်ရောက်တားမြစ်ပြောဆိုခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်ပိုင် ဝင်းနိုင်နှင့် မိန်းဂျေးဦးစီး ဝင်းထွန်းတို့က ခြေချင်းခတ်ရိုက်နှက်ပြီး ပြစ်ဒဏ်တိုက် အမှတ် (၃) သို့ ပို့ဆောင်တိုက်ပိတ်ခဲ့ကြောင်း သိရသည်။

တိုက်ပိတ်ခံထားရသူများမှာ ကောင်းမြတ်၊ အောင်ခြိမ့်သီး (ခ) ဘောကြီး၊ ချစ်မင်းဦး (ခ) ကြံကို၊ ဟိန်းထက်အာကာကျော် (ခ) ခြောက်ကိုး၊ ဖက်တီး၊ ဒိန်းဒေါင်နှင့် ဘုန်းကြီးတို့ဖြစ်ကြောင်း၊ ၎င်းတို့ကို သံမံတလင်းပေါ်တွင် အခင်းမပါဘဲ နေထိုင်စေခြင်း၊ တစ်နေ့လျှင် နံနက်စာတစ်နပ်သာ ကျွေးမွေးခြင်းနှင့် သောက်ရေကို ခွက်ငယ်ဖြင့် တစ်ကြိမ်သာ ပေးခြင်းတို့ဖြင့် ညှဉ်းပန်းနှိပ်စက်နေကြောင်း PPNM၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ခေါဂေထန်းကိုလည်း ပုံစံမောင်းသည်ဟုဆိုကာ ရိုက်နှက်ခဲ့ပြီး ငြင်းဆိုသဖြင့် ခြေချင်းဒေါက်ခတ်ကာ တိုက်ပိတ်ခဲ့ကြောင်း၊ ထိုသို့ မတရားဖိနှိပ်မှုများကို ဆန့်ကျင်၍ အစာငတ်ခံဆန္ဒပြခဲ့သည့်အတွက် ဦးခေါင်းနှင့် မျက်နှာကို ခေါင်းစွပ်ဖြင့် ဖုံးအုပ်ချုပ်နှောင်ကာ ကူးစက်တီဘီရောဂါဝေဒနာရှင်များနှင့်အတူ ဆေးရုံတိုက်ဆောင်တွင် ထားရှိပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း PPNM က ပြောသည်။

PPNM က မကွေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးနှင့် အသက်အန္တရာယ်မှာ အရေးပေါ်အခြေအနေသို့ ရောက်ရှိနေပြီး ယင်းသို့သော ညှဉ်းပန်းနှိပ်စက်မှုများကို လျစ်လျူရှုထားခြင်းသည် ဆက်လက်ကျူးလွန်ခွင့်ပြုနေခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း သတိပေးထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူတစ်ဦးကလည်း မကွေးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှုများမှာ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားနေကြောင်း ပြောဆိုသည်။

“လက်ရှိ မကွေးအကျဉ်းထောင်မှာ တရားမဝင် ညှဉ်းပန်းနှိပ်စက်တာတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြတယ်။ ဒါကို လက်ကိုင်တုတ်တွေလိုဖြစ်နေတဲ့ ထောင်ဝန်ထမ်းတွေကလည်း ပါဝင်ကျူးလွန်နေတယ်။ ထောင်ပိုင်၊ ထောင်မှူး၊ ဒုထောင်ပိုင်တွေကလည်း အဲဒီလုပ်ရပ်တွေကို တရားဝင်ခွင့်ပြုထားတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆိုရင် လူ့အခွင့် အရေး လုံးဝဆုံးရှုံးနေတဲ့ အခြေအနေကို ကျနော်တို့ မှတ်တမ်းတင်ထားပါတယ်။ ဒီလိုညှဉ်းပန်းနှိပ်စက်တာတွေက အခုမှ မဟုတ်ဘဲ အချိန်ကြာမြင့်နေပြီ။ ကျနော်တို့ ရရှိထားတဲ့ သတင်းအချက် အလက်တွေကို စုစည်းပြီး အခုထုတ်ပြန်တာဖြစ်ပါတယ်” ဟု PPNM တာဝန်ရှိသူက ပြောသည်။

၎င်းက ဆက်လက်၍ “တစ်နေ့ကို ထမင်းသုံးနပ်ကျွေးတယ်ဆိုပေမယ့် နေ့လယ်စာနဲ့ ညနေစာကို အချိန်ကန့်သတ်ပြီးသာ စားခွင့်ပေးတယ်။ ထမင်းဝေပြီး တစ်နာရီအတွင်း မကုန်ရင် ပြန်သိမ်းသွားတယ်။ တန်းဖွင့်တဲ့အချိန်မှာလည်း အိမ်သာအသုံးပြုခွင့် မပေးတာမျိုးတွေ ရှိနေပါတယ်” ဟု ရှင်းပြသည်။

PPNM က မကွေးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သူများကို ဆက်လက်စောင့်ကြည့် မှတ်တမ်းတင်သွားမည်ဖြစ်ပြီး အဆိုပါ မှတ်တမ်းများကို အခြေခံ၍ နိုင်ငံတကာအသိုင်းအဝိုင်းသို့ တင်ပြကာ ကျူးလွန်သူများအား နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တွင် တာဝန်ခံနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကျဉ်းထောင်တွင် အကျဉ်းသားများကို ထောင်အာဏာပိုင်များက အစားအစာ ဝေငှနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article