ရန်ကုန်၊ ဇွန် ၂၈
စစ်ကိုင်းတိုင်းအတွင်းရှိ ချောင်းဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တို့ကို စစ်ကောင်စီတပ်က Gyrocopter၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများနှင့် Wetlet Informational Network ထံမှ သိရှိရသည်။
ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၄ မိနစ်ခန့်အချိန် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသည့် Gyrocopter တစ်စီးက ချောင်းဦးမြို့နယ် အနောက်ခြမ်းရှိ နေရာတစ်ခုကို ပထမအကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး၊ မွန်းလွဲ ၃ နာရီ ၄၆ မိနစ်ခန့်တွင် ဒုတိယအကြိမ် ထပ်မံရောက်ရှိလာသည့် Gyrocopter တစ်စီးက အဆိုပါနေရာကို ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းလေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“စစ်ကောင်စီတပ်က Gyrocopter နဲ့ ၂ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်သွားတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိပေမယ့် နေအိမ်တွေ ထိခိုက်ပျက်စီးသွားပါတယ်။ ပျက်စီးမှုအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲပါ။ ပြည်သူတွေအနေနဲ့ စစ်ကြောင်းအန္တရာယ်ရော လေကြောင်းအန္တရာယ်ကိုပါ အထူးသတိထားနေထိုင်ကြဖို့ ပြောချင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလားတူ ဇွန်လ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးက ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၉ မိနစ်ခန့်မှစတင်၍ ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်အစပ်ရှိ စဉ့်ကိုင်လမ်းဆုံကိုလည်း စစ်ကောင်စီ၏ တတက-၁၃ မှ ထွက်ခွာလာသော Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်နဲ့ ပြည်သူတွေရှိတဲ့နေရာကို ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်သွားတာပါ။ လက်ရှိသိရသလောက်တော့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရထားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အပြင် ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၅၂ မိနစ်ခန့်တွင်လည်း မတ္တရာမြို့နယ်ရှိ မိုးကြိုရွာ၊ ရေလယ်ကျွန်းရွာနှင့် ဝက်လက်မြို့နယ်ရှိ စဉ့်ကိုင်ရွာတို့ကို စစ်ကောင်စီ၏ တံတားဦးလေတပ်နှင့် မကွေးလေတပ်တို့မှ တက်လာသော ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် ရေလယ်ကျွန်းရွာမှ ပြည်သူ ၅ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် ၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့ကိုလည်း ဇွန်လ ၂၇ ရက်နေ့အတွင်း Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိ ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများ၏ နေအိမ်နှင့်ကျေးရွာများကို တိုက်ခိုက်မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




