26.9 C
Yangon

ထိုင်းနိုင်ငံတွင် အရက်သောက်ပြီး ဆူညံနေသည့် မြန်မာနိုင်ငံသားများနှင့် ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့တို့ ခိုက်ရန်ဖြစ်ပွားပြီး မြန်မာ ၃ ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၈

ထိုင်းနိုင်ငံ၊ ချာချောင်းစောင်ဝ်ခရိုင် (Chachoengsao)၊ ဖနွန်စာရခမ်မြို့နယ် (Phanom Sarakham) အတွင်းရှိ ကျေးရွာတစ်ရွာတွင် ညပိုင်းအချိန် အရက်သောက်ပြီး သီချင်းအသံကျယ်ကျယ်ဖွင့်ကာ ဆူညံနေသည့် မြန်မာနိုင်ငံသားများကို ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင်များက သွားရောက်သတိပေးရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခတ်မှုကြောင့် မြန်မာနိုင်ငံသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန် ဖနွန်စာရခမ်မြို့နယ်၊ ကော့ခနွန်ကျေးရွာ အုပ်စုရှိ နောင်နမ်ဒမ်ကျေးရွာအနီး ကွင်းပြင်တစ်ခုတွင် အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၂၀ ဦးခန့်က အုပ်စုဖွဲ့၍ အရက်သောက်စားနေပြီး သီချင်းများကို အသံကျယ်ကျယ်ဖွင့်ကာ ဆူညံနေသဖြင့် ကျေးရွာလုံခြုံရေးအဖွဲ့ဝင် ထိုင်းနိုင်ငံသား ၂ ဦးက သွားရောက်သတိပေးခဲ့ရာမှ စကားများရန်ဖြစ်ကာ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုက်ရန်ဖြစ်ပွားနေစဉ်အတွင်း အသက် ၂၄ နှစ်အရွယ် ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ၎င်းကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ မြန်မာနိုင်ငံသား ၃ ဦးမှာ သေနတ်ဒဏ်ရာများရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ခိုက်ရန်ဖြစ်ပွားမှုအတွင်း ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင် နောက်တစ်ဦးမှာလည်း ပုလင်းဖြင့် ဦးခေါင်းအရိုက်ခံရပြီး ဓားဒဏ်ရာများပါ ရရှိခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသထားကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ ထိုင်းနိုင်ငံသား၏ ထွက်ဆိုချက်အရ ၎င်းနှင့် သူငယ်ချင်းဖြစ်သူတို့သည် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ အနှောင့်အယှက်မဖြစ်စေရန် သီချင်းအသံလျှော့ချပြီး ဆူညံမှုမပြုလုပ်ရန် သွားရောက်သတိပေးခဲ့ရာ မြန်မာနိုင်ငံသားများက မကျေနပ်ဘဲ ၎င်း၏သူငယ်ချင်းကို ဝိုင်းဝန်းထိုးကြိတ်ကာ ပုလင်းဖြင့် ဦးခေါင်းကို ရိုက်ခဲ့ကြောင်း၊ ထို့နောက် ဓားကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ၁၀ ဦးခန့်က ၎င်းတို့နှစ်ဦးကို ဝိုင်းဝန်းဝင်ရောက်တိုက်ခိုက်လာသဖြင့် မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးခဲ့ရာ သေနတ် ၁ လက်၊ ကျည်ခွံ ၁၆ ခုထက်မနည်းနှင့် ဓားအချို့ကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဖနွန်စာရခမ်ရဲစခန်းမှ တာဝန်ရှိသူများက သေဆုံးသွားသည့် မြန်မာနိုင်ငံသား ၃ ဦး၏ အထောက် အထားများကို စိစစ်နေပြီး ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သူများ၊ မျက်မြင်သက်သေများနှင့် သေနတ်ပစ်ခတ်ခဲ့သူ၏ ထွက်ဆိုချက်များကို ဆက်လက်စစ်ဆေးလျက်ရှိကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article