ရန်ကုန်၊ ဇွန် ၃၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ အမျိုးသမီးများအပါအဝင် ပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်နေသဖြင့် ကျေးရွာ ၃ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဇွန်လ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ် ကုန်းရွာကျောက်ဆည်ကျေးရွာဘက်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် အင်အား ၁၅၀ မှ ၂၀၀ ခန့်ပါ စစ်ကြောင်းက ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။
အဆိုပါစစ်ကြောင်းသည် ထွဋ်ခေါင်တောရဂူကျောင်း၌ ခေတ္တဝင်ရောက်တပ်စွဲပြီးနောက် ညောင်ပင်စဉ်ကျေးရွာနှင့် မြင်းမွှေးကျေးရွာများအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် အမျိုးသမီးများအပါအဝင် ပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံထားရသူများတွင် အမျိုးသားများ၊ အမျိုးသမီးများသာမက သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း၊ စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်ကာ မော် တော်ယာဉ်များဖြင့် တင်ဆောင်နေကြောင်း သိရသည်။
လက်ရှိအချိန်အထိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း မရှိသေးသော်လည်း ကျေးရွာများအတွင်း ဝင်ရောက်ရှာဖွေကာ ပစ္စည်းများကို ယူဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။
စစ်တပ် စစ်ကြောင်းဝင်ရောက်လာမှုကြောင့် ညောင်ပင်စဉ်ကျေးရွာ၊ မြင်းမွှေးကျေးရွာနှင့် ဗြဲတရော်ကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်တပ် စစ်ကြောင်းက ကုန်းရွာကျောက်ဆည်ဘက်ကနေ ထွက်လာတာပါ။ ကားတွေကိုလည်း ချောဆွဲသွားတယ်လို့ သိရပါတယ်။ နံနက် ၆ နာရီဝန်းကျင်မှာ ထွဋ်ခေါင်တောရဂူကျောင်းကို ရောက် လာပြီး အဲဒီကနေ ညောင်ပင်စဉ်နဲ့ မြင်းမွှေးကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်လာတာပါ။ စစ် ကြောင်း အင်အားက ၁၅၀ ကနေ ၂၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ညောင်ပင်စဉ်နဲ့ မြင်းမွှေးကျေးရွာက ပြည်သူ ၂၀ ကျော်ကို ဖမ်းထားပါတယ်။ ဖမ်းထားတဲ့သူတွေထဲမှာ အမျိုးသား၊ အမျိုးသမီးတွေအပြင် သက်ကြီးရွယ်အိုတွေလည်း ပါတယ်လို့ သိရပါတယ်။ နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေကို ယူပြီး ကားတွေနဲ့ တင်ဆောင်နေတယ်လို့ သိရပါတယ်။ အခုအချိန်ထိတော့ နေအိမ်တွေကို မီးရှို့တာ မရှိသေးပါဘူး။ စစ်ကြောင်းကြောင့် ညောင်ပင်စဉ်၊ မြင်းမွှေးနဲ့ ဗြဲတရော်ကျေးရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လက်ရှိမှာတော့ စစ်ကြောင်းက ညောင်ပင်စဉ်နဲ့ မြင်းမွှေးကျေးရွာတွေမှာ ဆက်လက်အထိုင်ချထားပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
လတ်တလော စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပုံအဟောင်းဖြစ်ပါသည်။




