ရန်ကုန်၊ ဇူလိုင် ၁
ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲများအတွင်း သေဆုံးသွားသော စစ်သားအလောင်းများကို အကြမ်းဖက် စစ်တပ်က ကျောက်ထုမြို့အထိ ပြန်လည်သယ်ယူပြီး သဂြိုလ်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
မေလလယ်ခန့်မှ စတင်ပြီး မကွေးတိုင်းအတွင်းကို ဖြတ်၍ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် နှင့် ကန်ပက်လက်မြို့နယ်တို့ကို စစ်တပ်က အင်အား ထောင်ချီ အသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ယခင်က လမ်းဘေးများတွင် ကျင်းကြီး၊ ကျင်းငယ်များဖြင့် မြှုပ်နှံခဲ့သော်လည်း ယခုရက်ပိုင်း အတွင်း သေဆုံးသွားသော ရုပ်အလောင်းများကို ကျောက်ထုမြို့အထိ သယ်ယူကာ ကျောက်ထု သင်္ချိုင်းတွင် သဂြိုလ်နေကြောင်း သိရသည်။
“အခုရက်ပိုင်းတော့ ကျောက်ထုအထိသယ်ပြီး ကျောက်ထုသင်္ချိုင်းမှာ သဂြိုလ်နေကြတယ်။ အ လောင်းတွေက အများပြီးပဲ၊ နှစ်ရက်သုံးရက်လောက်ရှိသွားပြီ။ ဆက်တိုက်ပဲ သဂြိုလ်နေတာ။ အရပ် ထဲက လူလေးငါးဦးလောက်ကိုခေါ်တယ်။ မင်းတပ်လမ်းကနေ လူနာနဲ့ အလောင်းတွေကို ကျောက် ထု အထိသယ်တာ။ လူနာတွေကိုတော့ ကံချောင်းရွာမှာ ကုကြတယ်” တော်လှန်ရေးသတင်း ရင်းမြစ် က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် မင်းတပ်မြို့နှင့် ၂ မိုင်ခန့်အကွာ ဂေါက်ကွင်းနားအထိ ရောက်ရှိသော်လည်း မင်းတပ်မြို့အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိဘဲ အကြိမ်ကြိမ် ဆုတ်ခွာနေရကြောင်း၊ ထိုသို့ အထိနာသော စစ်တပ်က နေ့စဉ်နှင့်အမျှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၁ ရက် နံနက် ၄ နာရီ ၂၉ မိနစ်၊ ၄ နာရီ ၃၄ မိနစ်၊ ၄ နာရီ ၃၇ မိနစ်နှင့် ၄ နာရီ ၄၂ မိ နစ် တို့တွင် မင်းတပ်မြို့နယ် အရှေ့ခြမ်းနေရာကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာ သော ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ် ဗုံး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် နံနက် ၅ နာရီမှ စတင်ပြီး ၅ နာရီ မိနစ် ၅၀ အထိ Y12 လေယာဉ်ဖြင့် ၃ လုံးတွဲဗုံး ၁၄ ကြိမ် ဗုံးအလုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။




