ရန်ကုန်၊ ဇူလိုင် ၁
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ် က ထုတ်ပြန်ထားသည်။
ဇွန်လ ၂၃ ရက်နေ့တွင် ချောက်မြို့နယ် ခလရ ၁၃ မှ ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို ဇောင်းတောကန်ကျေးရွာအနီးတွင် မကွေးခရိုင်စစ်ဌာနစုဖွဲ့မှုစစ်ကြောင်းက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒါဏ်ရာရရှိပြီး ဒရုန်း ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၆ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် ချောက်မြို့နယ် လေးပင်ကုန်းကျေးရွာကို စစ်ကြောင်း ၃ ကြောင်းခွဲ၍ ရင်ဘောင်တန်း တပ်ဖြန့်ပြီး ဝင်ရောက်စီးနင်းစဉ် တော်လှန်ရေးတပ်က ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားသော နင်းမိုင်း၊ တိုက်မိုင်းများကြောင့် စစ်သား အများအပြား ထိခိုက်ဒါဏ်ရာရပြီး သေဆုံးမှုများလည်းရှိခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့ တွင်လည်း ပဒေသာ နင်းမိုင်း ၅ လုံးကွဲ၍ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု အများအပြား ရှိကြောင်း သိရှိရသည်။
ထိုသို့ အထိနာနေသော စစ်ကြောင်းကို ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကူပေးနိုင်ရန် ချောက်မြို့နယ်၊ မြေနီလိန်ကျေးရွာဘက်မှ အိမ်စီးကား ၁ စီး၊ ဆိုင်ကယ် ၇ စီး တို့ဖြင့် စစ်ကူထွက်လာသော စစ်သား အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို မကွေးခရိုင်စစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထပ်မံ သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထံမှ MA-1 ၁ လက်၊ MA-4 ၁ လက်၊ ၅.၅၆ ကျည် ၅၇၇ တောင့်၊ ကျည်ဘောက် ၆ ခု၊ 60MM ဗုံး ၅ လုံး၊ 40MM ဗုံး ၂ လုံး၊ အီကွေ့မန် ၂ ခု၊ စစ်သုံးကျောပိုးအပ် ၃ လုံး၊ မှတ်စုစာအုပ် ၅ အုပ်၊ စစ်ယူနီဖောင်း ၂ စုံ၊ စစ်သုံးရေဗူး ၁ ဗူးနှင့် လက်ကိုင်ဖုန်း ၁၀ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်စစ်ဌာန၏ စစ်ဆင်ရေးနယ်မြေများအတွင်း တိုက်ပွဲများတွင် စုစုပေါင်း စစ်သား ၁၀ ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ စစ်တပ်၏ တိုက်ခိုက်ရေးဒရုန်း ၁ စီး ပျက်စီးခဲ့ပြီး MA-1 ၁ လက်၊ MA-4 ၁ လက်နှင့် ခဲယမ်းပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် အကြမ်းဖက် စစ်တပ်ကို စစ်မျက်နှာအသီးသီးတွင် ရွံ့ရွံ့ချွံချွံ တိုက်ပွဲဝင်လျက် ရှိရာ ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ် က မေတ္တာရပ်ခံထားသည်။






