26.6 C
Yangon

လောင်းလုံး၊ စစ်ပြဲရွာကို စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာ၍ တော်လှန်ရေးတပ်နှင့် တိုက်ပွဲဖြစ်ပွား၊ ကျေးရွာ ၂ ခုမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇူလိုင် ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာကို အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းပြီး ထပ်မံစစ်ကြောင်းထိုးလာ၍ တော်လှန်တိုက်ပွဲများနှင့် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်မှ ရိက္ခာနှင့် လူအင်အားများ ထပ်မံဖြည့်တင်းသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် စစ်ပြဲကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာချိန်၌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁ နာရီ ကျော်ကြာ ဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ယင်း တိုက်ပွဲကြောင့် လက်ရှိချိန်ထိ ညင်းမော်ကျေးရွာနှင့် စစ်ပြဲကျေးရွာတို့မှ ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ပြဲကျေးရွာဘုန်းကြီးကျောင်းအတွင်း အထိုင်ချတပ်စွဲထားပြီး တပ်ဖြန့်ထားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ဒီနံနက် ၁၀ နာရီလောက်က လောင်းလုံးမြို့ပေါ်ကနေ ရိက္ခာရော ခွေးအင်အားရော ထပ်ဖြည့်ပြီး အင်အား ၁၅၀ ခန့်နဲ့ စစ်ပြဲရွာကို စစ်ကြောင်းထိုးဝင်လာတာ။ ရွာထဲစဝင်လာတာနဲ့ တောက်လျှောက်ပစ်ပြီး ဝင်လာတော့ တော်လှန်းတပ်ဖွဲ့တွေကလည်း ရှိနေတဲ့အချိန်မှာ နှစ်ဘက်အပြန်လှန်ပစ်ခတ်ပြီး ထိတွေ့တိုက်ပွဲ ၁ နာရီခွဲလောက်အထိဖြစ်သွားတယ်။ တိုက်ပွဲက ရုတ်တရက်ထဖြစ်တော့ သေနတ်သံတွေ ပေါက်ကွဲသံတွေ ဆူညံသွားတော့ ပြည်သူတွေလဲ ဘာမှကို ယူချိန်မရဘဲ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရတယ်။ စစ်ခွေးတွေက အခုလက်ရှိမှာ စစ်ပြဲရွာထဲက စစ်ပြဲတိုက်ကျောင်းဆိုတဲ့ ဘုန်ကြီးကျောင်းမှာ တပ်စွဲထားပြီး ရွာထဲမှာတပ်ဖြန့်ထားတယ်။ ညင်းမော်နှင့် စစ်ပြဲရွာက ပြည်သူတွေကတော့ တိုက်ပွဲဖြစ်တော့ ရွာလုံးကျွတ်ထွက်ပြေးရတယ်။ စစ်ခွေးတွေက ရွာထဲဝင်ပြီး တပ်စွဲတယ်၊ ဘာသာရေးနဲ့ဆိုင်ရာ အဆောက်အဦးမှာလည်း တပ်စွဲ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာက စစ်ရာဇာဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပါ။ အဲစစ်ခွေးတွေက ရွာထဲမှာ ၁ လ ၂ လလောက်တပ်စွဲတော့ ပြည်သူတွေရော တော်လှန်ရေးအဖွဲ့တွေရောက် မလိုလားတော့ တိုက်တုတ်ရတယ် သဘောပါ”ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို စစ်ကြောင်းသည် မေလပိုင်းကလည်း လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ပြဲရွာ၊ ညင်းမော်ရွာ၊ ဂေါ့အင်းရွာ၊ ‌အောက်ရေဖြူရွာ၊ ကဒက်ကြီးရွာ စသည့် ကျေးရွာများ စစ်ကြောင်းထိုးခဲ့ပြီး ကဒတ်ကြီးရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံးနှင့် စစ်ပြဲရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး ​မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရှိရသည်။

ယင်း စစ်ကြောင်းကို ဇွန်လ ၁၄ ရက်နေ့က တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးကာ အရာရှိ ၂ ဦးအပါအဝင် ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article