25.5 C
Yangon

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်တွင် ဖဲဝိုင်းတစ်ခုအတွင်း စကားများရန်ဖြစ်ရာမှ ထိုင်းနိုင်ငံသားက မြန်မာနိုင်ငံသား ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်၊ အခြားမြန်မာ ၂ ဦးလည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၂

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ သီရာချာ (Sri Racha) မြို့နယ်၊ ဘော်ဝင် (Bo Win) ရပ်ကွက်ရှိ အငှားဆောင်ခန်းတစ်ခုတွင် ဖဲကစားနေစဉ် စကားများရန်ဖြစ်ရာမှ ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး သေဆုံးပြီး မြန်မာနိုင်ငံသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က သီရာချာမြို့နယ်၊ ဘော်ဝင်ရပ်ကွက်ရှိ Grace Christian School အနောက်ဘက်ရှိ အငှားဆောင်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအငှားဆောင်ခန်းအတွင်း ဖဲဝိုင်းတစ်ခု၌ ဖဲကစားနေစဉ် စကားများရန်ဖြစ်ကာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ ရောက်ရှိချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူ အသက် ၄၃ နှစ်အရွယ် ထိုင်းနိုင်ငံသားမှာ ထွက် ပြေးတိမ်းရှောင်ခြင်းမရှိဘဲ အခင်းဖြစ်ပွားရာနေရာ၌ ရှိနေသဖြင့် ရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း ဖဲဝိုင်းတွင် ပါဝင်ကစားနေသည့် အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ကိုအောင်မင်းသည် ဦးခေါင်းကို သေနတ်ကျည်ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် အသက် ၃၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးနှင့် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုထွန်းတို့လည်း သေနတ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် Laem Chabang Hospital သို့ အရေးပေါ်ပို့ဆောင်ကာ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ တရားခံဖြစ်သူ ထိုင်းနိုင်ငံသားက ၎င်းနှင့် မြန်မာနိုင်ငံသားများသည် ရက်အတော်ကြာ အတူဖဲကစားလာခဲ့ကြကြောင်း၊ ယင်းနေ့တွင် ၎င်းမှာ ဖဲရှုံးပြီးနောက် အလုပ်သို့ ပြန်သွားခဲ့ကြောင်း၊ အလုပ်ဆင်းပြီး ဖဲဝိုင်းသို့ ပြန်ရောက်လာချိန်တွင် ဖဲဝိုင်းပြီးဆုံးနေသဖြင့် နောက်တစ်ဝိုင်း ပြန်ကစားရန် ပြောဆိုခဲ့ကြောင်း ထွက်ဆိုထားသည်။

ယင်းသို့ ပြောဆိုစဉ် မြန်မာနိုင်ငံသားများက ၎င်းကို လှောင်ပြောင်သည့်အကြည့်များဖြင့် ကြည့်ရှုခဲ့ပြီး မသိမသာ ပြောဆိုမှုများရှိသည်ဟု ယူဆသဖြင့် ဒေါသထွက်ကာ အသင့်ယူဆောင်လာသော သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ပြီးနောက် ထွက်ပြေးခြင်းမပြုဘဲ ရဲတပ်ဖွဲ့ လာရောက်ဖမ်းဆီးရန် အခင်းဖြစ်ပွားရာနေရာတွင် စောင့်ဆိုင်းနေခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။

လက်ရှိတွင် ဘော်ဝင်ရဲစခန်းက တရားခံဖြစ်သူ ထိုင်းနိုင်ငံသားကို လူသတ်မှု၊ သေနတ်အသုံးပြု၍ အန္တရာယ်ဖြစ်စေမှုဆိုင်ရာ ပြစ်မှုများဖြင့် ဥပဒေအရ အရေးယူနိုင်ရန် ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်စဉ်၏ အသေးစိတ်အကြောင်းရင်းနှင့် သက်ဆိုင်သည့် အထောက်အထားများကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article