ရန်ကုန်၊ ဇူလိုင် ၂
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြချက်များကို ထုတ်ပြန်ပေးရန်၊ မိသားစုဝင်များ၊ လွတ်လပ်သော ဆရာဝန်များနှင့် နိုင်ငံတကာကိုယ်စားလှယ်များကို တွေ့ဆုံခွင့်ပြုရန် သားဖြစ်သူ ကင်မ် အဲရစ် (Kim Aris) က ထပ်မံတောင်းဆိုလိုက်သည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထား သည်ဟု ထုတ်ပြန်ပြောဆိုထားသော်လည်း ယင်းပြောဆိုချက်ကို ယုံကြည်ရန် အထောက်အထားမရှိသေးကြောင်း၊ စစ်ကောင်စီ၏ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားသည်ဆိုသည့် ပြောဆိုချက်အပေါ် အလွန်သံသယရှိကြောင်း ပြောဆိုခဲ့ပြီး၊ ၎င်း၏ မိခင်သည် နေပြည်တော်ရှိ အကျဉ်းထောင်အတွင်း ၌သာ ဆက်လက်ထိန်းသိမ်းခံထားရသည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
စစ်ကောင်စီသည် ယခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ သတ်မှတ်ထားသည့် နေအိမ်တစ်ခုသို့ ပြောင်းရွှေ့ထားကြောင်းနှင့် ပြစ်ဒဏ်ကိုလည်း လျှော့ပေါ့ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ယင်းအတွက် ခိုင်မာသည့် အထောက်အထား၊ ဓာတ်ပုံ သို့မဟုတ် လွတ်လပ်သော အတည်ပြုချက်များကို ယနေ့အချိန်အထိ မတွေ့ရသေးကြောင်း ကင်မ် အဲရစ်က ပြောဆိုသည်။
“မိခင် အသက်ရှင်နေတယ်ဆိုရင် အဲဒီအတွက် အထောက်အထားကို ပြပေးပါ။ ဓာတ်ပုံအသစ်၊ ဆေးဘက်ဆိုင်ရာ အတည်ပြုချက်၊ ဒါမှမဟုတ် မိသားစုဝင်တွေ၊ သီးခြားဆရာဝန်တွေ၊ နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ပေးတာမျိုးကို ပြုလုပ်နိုင်ပါတယ်” ဟု ကင်မ် အဲရစ်က တောင်းဆိုသည်။
ကင်မ် အဲရစ်က လက်ရှိအချိန်အထိ ၎င်းတို့ မိသားစုအနေဖြင့် ကြားသိရသည့် သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ပိုမိုဆိုးရွားလာနေကြောင်းသာ သိရှိရပြီး၊ ထိန်းသိမ်းထားသည့် အကျဉ်းထောင်အတွင်း ပတ်ဝန်းကျင်မှာလည်း အလွန်ဆိုးရွားကြောင်း ယခင်အကျဉ်းသားဟောင်းတစ်ဦးထံမှ သိရှိရသည့် အချက်အလက်များကို ကိုးကား၍ ပြောဆိုခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါနှင့် အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများအပြင် အရိုးပွရောဂါကိုလည်း ခံစားနေရကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်း ဆီးထိန်းသိမ်းခံထားရပြီး၊ လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမသမာမှုနှင့် နိုင်ငံတော်လျှို့ဝှ က်ချက်ဥပဒေ ချိုးဖောက်မှု အပါအဝင် အမှုများဖြင့် စစ်တပ်က အမှုဆင်၍ ထောင်ဒဏ်များ မတရားချမှတ်ထားသည်။
သားဖြစ်သူ ကင်မ် အဲရစ်က မိခင်နှင့် နောက်ဆုံးအဆက်အသွယ်ရရှိခဲ့သည်မှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်က ရရှိခဲ့သော စာတစ်စောင်သာဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အသက် ၄၈ နှစ်အရွယ် ကင်မ် အဲရစ်သည် ဗြိတိန်နိုင်ငံတွင် ကြီးပြင်းလာသူဖြစ်ပြီး၊ ၎င်း၏ ဖခင်မှာ ဗြိတိန်ပညာရှင် မိုက်ကယ် အဲရစ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နာမကျန်းဖြစ်နေသော မိခင်ကို ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရာမှ ဒီမိုကရေစီလှုပ်ရှားမှုတွင် ဦးဆောင်သူတစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ကင်မ် အဲရစ်က ၎င်းသည် မူလက အများပြည်သူရှေ့ထွက်ကာ လှုပ်ရှားလိုသူမဟုတ်သော်လည်း မိခင်အတွက် အသံထွက်ပေးရန် လိုအပ်သောကြောင့် ယခုကဲ့သို့ နိုင်ငံတကာတွင် လှုံ့ဆော်မှုများ ဆက်တိုက်လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ် ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ၈၁ ကီလိုမီတာ စကိတ်ဘုတ်စီးကာ အသိပညာပေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သလို၊ ဂျပန်နိုင်ငံအပါ အဝင် နိုင်ငံအများအပြားသို့ သွားရောက်၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် နိုင်ငံတကာ၏ ဖိအားများ တိုးမြှင့်ပေးရန် ဆက်လက်တိုက်တွန်းလျက်ရှိသည်။




