25.8 C
Yangon

စလင်းတွင် စစ်တပ်စစ်ကြောင်းများကို ဆက်တိုက်တိုက်ခိုက်မှု စစ်သား ၁၆ ဦးထက်မနည်းသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ၊ မင်းလှတွင်လည်း စစ်တပ်ဂိတ်ကို ဝင်တိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်စစ် ကြောင်းများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဇွန်လအတွင်း ဆက်တိုက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ဦးထက်မနည်း သေဆုံးပြီး စစ်သား ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့တွင် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး စစ်သား ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း သေ နတ် ၂ လက်နှင့် စစ်သုံးပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်းမြို့နယ်) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဇွန်လ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ တိုက်ခိုက်ရေးဒရုန်း ၁ စင်းကို စလင်းမြို့နယ် ပကဖက ပစ်ချသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ကပစ-၂၁ သို့ သွယ်တန်းထားသော မီးလိုင်းများ ပြုပြင်ရန် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းများက ကျေးရွာများအတွင်း ဝင်ရောက်စစ်ကြောင်းထိုးစဉ် ပြည်သူပိုင်ပစ္စည်းများကို လုယက်ခြင်းနှင့် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း) က ဆိုသည်။

အလားတူ ဇွန်လ ၆ ရက်နေ့ စလင်းမြို့နယ်၊ မြို့လှ (EPC) ရုံးမှ ကပစ-၂၁ သို့ သွယ်တန်းထားသော မီးလိုင်းများ ပြုပြင်ရန် မကြီးစဉ်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၂ ဦး သေဆုံးပြီး စစ်သား ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံမှ သိရှိရသည်။

ဇွန်လ ၁၁ ရက်နေ့တွင် ကံဆွယ်ကျေးရွာနှင့် မကြီးစဉ်ကျေးရွာတို့၌ ယာယီတပ်စွဲထားသော စစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကား ၁ စီးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ ၂၀ ရက်နေ့တွင် မြောက်စမ်းကလေးကျေးရွာအနီး၌ မီးလိုင်းပြင်ဆင်နေသော စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ စစ်ကြောင်းက ကပစ-၂၁ သို့ သွယ်တန်းထားသော မီးလိုင်းများကို တစ်လနီးပါးကြာ ပြုပြင်နေစဉ်အတွင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်သား ၇ ဦး သေဆုံးကာ ၁၀ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက “စစ်ခွေး သေစာရင်းက စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ပါတယ်။ ထပ်တိုးသေဆုံးတာတွေ ရှိ၊ မရှိကိုတော့ ကျွန်တော်တို့ ဆက်ပြီး စုံစမ်းနေတုန်းပါ။ စစ်ကြောင်းရှိနေတဲ့ကာလအတွင်း မိုင်းထိပြီး သေဆုံးတဲ့ စစ်သား ၇ ဦးလည်း ပါဝင်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယင်းစစ်ဆင်ရေးများကို မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း၊ မင်းဘူးခရိုင် ပြည်သူ့လုံခြုံရေးဌာန၊ စလင်းမြို့နယ် ပကဖ၊ ဒဿညီနောင်ပြောက်ကျားတပ်ဖွဲ့နှင့် မကွေးတိုင်း ဒရုန်းလက်ရုံးတပ် အမှတ် (၁၈၀၈) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ဇူလိုင်လ ၁ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်က စစ်သားအင်အား ၃၀ ခန့် တပ်စွဲထားသော ကိုင်းပြင်ကြီးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

၎င်းက “တိုက်ပွဲက တစ်နာရီကျော်ကြာခဲ့ပါတယ်။ စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ပိုင်း စစ်ကူအင်အား အများအပြား ရောက်လာတာကြောင့် ကျွန်တော်တို့ဘက်က စနစ်တကျ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်” ဟု ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမှတ် (၁) တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေ)၊ လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နှင့် သာယာဝတီခရိုင် အမှတ် (၂) တပ်ရင်း၊ တပ်ခွဲ (၂) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article