24.9 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ ဆုမွန်ကောင်း တောင်းပေးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီကို သားဖြစ်သူ ကင်မ်အဲရစ် ကျေးဇူးတင်စာ ပေးပို့

Must read

ရန်ကုန်၊ ဇူလိုင် ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အတွက် ကျန်း မာရေးဆုမွန်ကောင်း တောင်းပေးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (CCP) နိုင်ငံတကာဌာနသို့ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) က ကျေးဇူးတင်စာ ပေးပို့လိုက်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ကင်မ်အဲရစ်က သတင်းထုတ်ပြန်သည်။

ကင်မ်အဲရစ်သည် လန်ဒန်မြို့ရှိ တရုတ်နိုင်ငံသံအမတ်ကြီးထံသို့ အဆိုပါ ကျေးဇူးတင်စာကို ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် တရုတ်ကွန်မြူနစ်ပါတီက ကျန်းမာ ရေးကောင်းမွန်စေရန် ဆုမွန်ကောင်းတောင်းပေးခဲ့သည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ရေးသားပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် အဓိကပါဝင်ပတ်သက်နေသည့် အိမ်နီးချင်းနိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီအကြား ဆက်ဆံရေးကောင်းမွန်ခဲ့ကာ နှစ်နိုင်ငံခေါင်းဆောင်များအကြား နိုင်ငံ တော်အဆင့် အပြန်အလှန်ခရီးစဉ်များလည်း ရှိခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ယနေ့အချိန်အထိ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခွင့်မရရှိသေးသဖြင့် ၎င်း၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် မိသားစုဝင်များက စိုးရိမ်ပူပန်မှုများ ဆက်လက်ရှိနေကြောင်း သိရသည်။

လတ်တလောတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း ပြောဆိုထားသော်လည်း အာဆီယံ၏ တွေ့ဆုံခွင့်ပြုရန် တောင်းဆိုချက်ကို ငြင်းပယ်ထားပြီး ပြင်ပလွတ်လပ်သည့် အဖွဲ့အစည်းများနှင့် မိသားစုဝင်များကို တွေ့ဆုံခွင့်မပြုပေ။

ကင်မ်အဲရစ်က မိခင်ဖြစ်သူနှင့် ဖုန်းဖြင့်ဖြစ်စေ၊ လူချင်းတွေ့ဆုံ၍ဖြစ်စေ ငါးနှစ်ကျော်ကြာ လုံးဝဆက်သွယ်ခွင့်မရရှိသေးကြောင်း ပြောဆိုထားပြီး ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေထိုင်လျက်ရှိကြောင်းကို ယုံကြည်စိတ်ချရပြီး လွတ်လပ်သည့် သက်သေအထောက်အထားများဖြင့် အတည်ပြုပေးရန် စစ်ကောင်စီအား ထပ်မံတောင်းဆိုထားသည်။

ထို့ပြင် ကင်မ်အဲရစ်သည် မိခင်ဖြစ်သူ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး၊ အကျဉ်းထောင်အတွင်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ပေါ် ပေါက်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၊ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ကမ္ဘာ့မီဒီယာများမှတစ်ဆင့် ဆက်တိုက် တောင်းဆိုလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article