ရန်ကုန်၊ ဇူလိုင် ၃
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကသာ-နဘားလမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များတို့အကြား တိုက်ပွဲဖြစ်ပွားစဉ်အတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ပြည်သူဈေးသည်လင်မယား ၂ ဦး သေဆုံးခဲ့ကြောင်း Indaw Revolution-IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၃၀ ရက်နေ့တွင် ကသာမြို့နယ်၊ ကသာ-နဘားလမ်းပိုင်းပေါ်ရှိ လမ်းခွကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ကသာ-နဘားလမ်းပိုင်းအတိုင်း သွားလာနေသည့် အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ နားရခေါင်ကျေးရွာမှ ဈေးသည်လင်မယား ၂ ဦးမှာ တိုက်ပွဲအတွင်းကြားညပ်သွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ခဲ့ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ဈေးသည်လင်မယားတွင် ဇနီးဖြစ်သူ အမျိုးသမီးသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ အမျိုသားဖြစ်သူသည် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့၍ ကသာမြို့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေစဉ် ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ထပ်မံသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဇွန်လ ၃၀ ရက်နေ့မှာ ကသာ-နဘားလမ်းပိုင်း လမ်ခွကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတော့ ဈေးသည်လင်မယား ၂ ဦးရှောက်သွားတော့ လက်နက်ကြီးကျည်ထိပြီးတော့ သေဆုံးခဲ့ရပါတယ်။ အမျိုးသမီးဖြစ်သူက နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်။ အမျိုးသားကိုတော့ ထိခိုက်ဒဏ်ရရတော့ ကသာဈေးရုံမှာပဲ ဆေးကုသရင်း မနေ့တုန်းက သေဆုံးသွားတယ်။ ရှမ်းမြောက်ဘက် နမ့်ခမ်းတို့ မူဆယ်တို့ဘက်ကနေ ဆိုင်ကယ်တွေနဲ့ စောင်တွေအထည်တွေ သယ်ပြီး အင်းတော်နယ်ထဲ ပြန်ဖြန့်ရောင်းရတော့ အခုလည်းဈေးသွားဝယ်တာ ဖြစ်မယ်။ အဲ့မှာလက်နက်ကြီးကျည် ထိမှန်ပြီးသေဆုံးသွားတယ်။ လက်ရှိတိုက်ပွဲအခြေနေကတော့ ကသာနဲ့ နဘားလမ်းပိုင်းမှာ အင်းတော်-မယ်ဇာ လမ်းပိုင်းတစ်ကြောမှာတော့ တိုက်ပွဲတွေ အခုဒီရက်ပိုင်းရှိနေတယ် ခရီးသွားပြည်သူတွေ အနေနဲ့လဲ ဂရုစိုက်သွားကြဖို့နဲ့ လမ်းဖွင့်တယ်ဆိုပြီး ဇွတ်မသွားကြဖို့ ကိုယ့်အသက်အန္တရာယ်လုံခြုံရေးအရ အခုချိန်က ခရီးသွားဖို့ မသင့်တော်သေးဘူးလို့ ပြောချင်ပါတယ်” ဟု Indaw Revolution-IR မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များတို့အကြား တိုက်ပွဲပြင်းထန်နေသည့် စစ်ရေးအခြေအနေများကြောင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် သွားလာနေသည့် ခရီးသွားမော်တော်ယာဉ်များနှင့် ကုန်တင်ကားကြီးအများအပြား ကသာ-နဘားလမ်းပိုင်း၌ လမ်းပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရကြကြောင်း၊ ထို့ကြောင့် ဒေသပြည်သူများနှင့် ခရီးသွား ပြည်သူများအနေဖြင့် လမ်းဖွင့်နေသည်ဟု မရေရာသည့် သတင်းများကို မယုံကြည်ကြရန်နှင့် မြေပြင်အခြေအနေတွင် လုံခြုံစိတ်ချရကြောင်း အတည်ပြုနိုင်သည့် အချိန်ရောက်မှသာ ခရီးသွားလာကြရန် Indaw Revolution-IR က အကြံပြုနှိုးဆော်ထားသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူပိုင် နေအိမ်နှင့် စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNU – ဗဟိုက ထုတ်ပြန်ထားသည်။
ဇွန်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခြေလျင်တပ်ရင်း ခလရ – ၂၆၄ မှ ၁၂၀ မမ လက်နက်ကြီး ၁ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကျောက်ကြီးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၂၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ ခလရ – ၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လှေတန်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာစာသင်ကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူများသည် အသက်အိုးအိမ်လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများစွာကြားဖြင့် နေထိုင်သွားလာနေရကြောင်း သိရှိရသည်။






