ရန်ကုန်၊ ဇူလိုင် ၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စိန်လုံတောင်တန်းရှိ ကုမ္ပဏီတစ်ခု၏ လုပ်ကွက်အတွင်းတွင် မြေစာပုံပြိုကျခဲ့ရာ ကုမ္ပဏီဝန်ထမ်း အမျိုးသား ၇ ဦး မြေပိသေဆုံးခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်နှင့် ကောင်ဆန်ကျေးရွာကြား စိန်လုံတောင်တန်းကြောရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း၌ မိုးရွာသွန်းခြင်းမရှိဘဲ မြေစာပုံပြိုကျခဲ့ရာ ကျောက်ရှာကုမ္ပဏီဝန်ထမ်း အမျိုးသား ၇ ဦး မြေပိသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူများမှာ ကောင်ဆန်ကျေးရွာနေ အသက် ၃၃ နှစ်အရွယ် ကိုအေးမင်း၊ အသက် ၃၅ နှစ်အရွယ် ကိုမင်းထက်၊ အသက် ၂၃ နှစ်အရွယ် ကိုဆွတ်ထိန်၊ အသက် ၃၀ အရွယ် ကိုဘောမ်တီး၊ အသက် ဥ၂၇ နှစ်အရွယ် ကိုမျိုးမင်းဌေး၊ ဆိုင်တောင်းကျေးရွာနေ အသက် ဥ၂၂ နှစ်အရွယ် ကိုမင်းခန့်ကျော်နှင့် မော်မုံကျေးရွာနေ အသက် ၂၆ နှစ်အရွယ် ကိုကျော်လင်းဦးတို့ဖြစ်ကြောင်း သိရသည်။
“မိုးမရွာဘဲ ပြိုတာဟုတ်တယ်။ လက်ရှိအချိန်က မြေတွေပြိုနေကြတဲ့ သဘောတရားလိုဖြစ်နေတာ၊ အက်ကြောင်းတွေကနေ ပြိုတာပါ။ အက်ကြောင်းတွေထဲကို ရေတွေစိမ့်ဝင်တယ်၊ ရေစိမ့်ဝင်တော့ အက်ကြောင်းတွေကနေ ပြိုကျတာဖြစ်ပါတယ်” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၈ ရက် နံနက်အစောပိုင်း ၁ နာရီခန့်ကလည်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ရွာ သုံးသိန်းမှော်ဘက်တွင် မြေစာပုံပြိုကျခြင်းကြောင့် ရေမဆေးကျောက်ရှာဖွေနေသူ ၇ ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ မတ်လ ၁၇ ရက်နေ့ကလည်း မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ “စိမ်းစိမ်း” (Sein Sein) ကုမ္ပဏီမှ ဝန်ထမ်း ၅ ဦး မြေပိသေဆုံးခဲ့သေးကြောင်း သိရသည်။






