25.4 C
Yangon

စစ်ကိုင်း တပ်မ ၃၃ တွင် ဒုဗိုလ်မှူးကြီးတစ်ဦး ရောက်ရှိနေ၍ အစည်းအဝေး ပြုလုပ်စဉ် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ဆင်ပေါင်ဝဲတွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ တွင် ဒုဗိုလ်မှူးကြီးတစ်ဦး ရောက်ရှိနေ၍ အစည်းအဝေး ပြုလုပ်နေစဉ် ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်က စစ်ကိုင်းမြို့ တပ်မ ၃၃ အတွင်းသို့ ဒုဗိုလ်မှူးကြီးတစ်ဦး ရောက်ရှိပြီး အစည်းအဝေး ပြုလုပ်နေစဉ် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က တပ်မ ၃၃ ဝင်း အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း ရှော့တိုက်ဒုံးများသည် အစည်းအဝေးခန်းမဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ခန်းမဘေး၌ လုံခြုံရေးယူပေးနေသော စစ်သား ၁၀ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရကာ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်ကိုင်းမြို့အတွင်းရှိ စစ်တပ် အထိုင်ချရာ နေရာများအနီးတွင်လည်း ကြိုတင်ထောင်ထားသည့် မိုင်း ၄ လုံးလည်း ဆက်တိုက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဇွန်လ ၂၄ ရက်နေ့တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ ဝင်းအတွင်း နေထိုင်သည့် စစ်သားများ၏ ဖုန်းများအားလုံးကို သိမ်းဆည်းထားပြီး တပ်မအတွင်းသို့ အဝင်အထွက် အသွားအလာ အားလုံးကိုလည်း ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) နှင့်အတူ စစ်ကိုင်းခရိုင် တပ်ရင်း (၃) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သရက်ခရိုင်အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ သာဂရ – ကိုးပင် လမ်းပိုင်းတစ်နေရာ၌ စစ်သားများလိုက်ပါလာသော ကား ၁ စီးကို သရက်ခရိုင်အမှတ် ၅ တပ်ရင်းက ကြိုတင်စောင့်ဆိုင်းကာ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော စစ်သား ၂ ဦး နေရာတွင် သေဆုံးခဲ့ပြီး ကျန်ရှိသူ အများအပြားလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အဓိကလမ်းပိုင်းများသည် စစ်သားများ အခြေစိုက်လှုပ်ရှားမှုနှင့် ရိက္ခာပို့ဆောင်မှုများ ရှိနေသောကြောင့် ဒေသပြည်သူများအနေဖြင့် လုံခြုံရေး သတိပြု သွားလာကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို ဂရုပြုလိုက်နာကြရန် သရက်ခရိုင်စစ်ဌာနက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article