ရန်ကုန်၊ ဇူလိုင် ၈
မြန်မာနိုင်ငံ၊ ရခိုင်ပြည်တွင် အကြမ်းဖက်စစ်တပ်၏ လူမျိုးတုန်း သတ်ဖြတ်ရှင်းလင်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်နေရသော ကော့ဘဇား (Cox’s Bazar) ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ရိုဟင်ဂျာဒုက္ခသည် ၈ ဦးအပါအဝင် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောဆိုသည်။
ဇူလိုင် ၆ ရက်နေ့ ညပိုင်းမှ ဇူလိုင် ၇ ရက် နံနက်အစောပိုင်းအထိ ကော့ဘဇားရှိ ဒုက္ခသည်စခန်း ၄ နေရာတွင် တောင်စောင်းများ ပြိုကျခဲ့ပြီး အိပ်ပျော်နေသည့် ဒုက္ခသည်များ၏ ဝါးနှင့် ပလတ်စတစ်ဖြင့် ဆောက်လုပ်ထားသော နေအိမ်များမှာ မြေသားနှင့် ကျောက်တုံးများအောက်တွင် နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
ကော့ဘဇားခရိုင် အရပ်ဘက်ကာကွယ်ရေးဌာနမှ တာဝန်ရှိသူ Dollar Tripura က ကယ်ဆယ်ရေးအဖွဲ့များက ရုပ်အလောင်း ၇ လောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ် ရုပ်အလောင်းတစ်လောင်းကို ဒုက္ခသည်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောသည်။
ထို့အပြင် မြေပြိုမှုကြောင့် ကော့ဘဇားဒေသရှိ တောင်စောင်းအနီး နေအိမ်တစ်လုံးပေါ်သို့ မြေသားများ ပြိုကျခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
မြေပြိုမှုအတွင်း မိဘနှစ်ဦးနှင့် ညီငယ်ကို ဆုံးရှုံးခဲ့သည့် ရိုဟင်ဂျာဒုက္ခသည် Ali Ahmed က “၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့ ထွက်ပြေးလာခဲ့တာပါ။ အခုတော့ ဒီဒုက္ခသည်စခန်းမှာပဲ ကျွန်တော့်မိသားစုကို ထပ်ပြီး ဆုံးရှုံးလိုက်ရတယ်။ ရှေ့ဆက် ဘာဖြစ်မယ်ဆိုတာတောင် မသိတော့ပါဘူး” ဟု ပြောဆိုသည်။
လက်ရှိတွင် ကော့ဘဇားဒုက္ခသည်စခန်းများ၌ ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ စစ်ဆင်ရေးများကြောင့် ထွက်ပြေးလာခဲ့သည့် ရိုဟင်ဂျာဒုက္ခသည် ၁ သန်းကျော် နေထိုင်လျက်ရှိပြီး ယင်းစခန်းသည် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းအဖြစ် သတ်မှတ်ခံထားရသည်။
ဒုက္ခသည်အများစု၏ နေအိမ်များမှာ တောင်စောင်းများပေါ်တွင် ဝါးနှင့် ပလတ်စတစ်များဖြင့် ယာယီဆောက်လုပ်ထားခြင်းဖြစ်သည့်အတွက် နှစ်စဉ် မုတ်သုံရာသီအတွင်း မြေပြိုမှုနှင့် ရေကြီးရေလျှံမှု အန္တရာယ်ကို အမြဲကြုံတွေ့နေရကြောင်း သိရသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ စာရင်းများအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း အလားတူ မြေပြိုမှုများကြောင့် ရိုဟင်ဂျာဒုက္ခသည် ၃၆ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် မြေပြိုနိုင်ခြေမြင့်မားသည့် တောင်စောင်းဒေသများမှ ဒုက္ခသည် ၁,၀၀၀ ခန့်ကို လုံခြုံသည့်နေရာများသို့ ပြောင်းရွှေ့ပေးထားပြီး နောက်ထပ် လူထောင်ပေါင်းများစွာကိုလည်း ဆက်လက်ရွှေ့ပြောင်းရန် စီစဉ်နေကြောင်း သိရသည်။ မိုးလေဝသဌာနကလည်း လာမည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနေသဖြင့် နောက်ထပ် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထပ်မံထွက်ပြေးလာနိုင်သည့် အခြေအနေအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက နယ်စပ်တစ်လျှောက် စောင့်ကြည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။




